Wednesday, July 31, 2019

၁၄ နှစ်အရွယ်ကျောင်းသားတစ်ဦး စိတ်ညစ်သည်ဆိုကာကြိုးဆွဲချသေဆုံး

၁၄ နှစ်အရွယ်အမျိုးသားတစ်ဦး စိတ်ညစ်သည်ဆိုကာကြိုးဆွဲချသေဆုံး
၁၄ နှစ်အရွယ်၊ န၀မတန်းကျောင်းသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၌ ဖြစ်ပွားကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ အင်းစိန်မြို့နယ်ရှိအမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ပညာသင်ကြားနေသော မောင်မင်းအာကာလွင်၊ (၁၄)နှစ်သည် ၎င်းတည်းခိုနေထိုင်နေသော အင်းစိန်မြို့နယ်ရှိ ဘုန်းကြီးကျောင်း အပေါ်ထပ်၌ ကြိုးဆွဲချသေဆုံးသည်ကို ဇူလိုင်လ ၃၀ ရက်၊ ည ၇ နာရီခန့်တွင် တွေ့ရှိသဖြင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြသည်။
စစ်ဆေးချက်အရ ညနေစာထမင်းစားချိန်တွင် မောင်မင်းအာကာလွင်အား သွားရောက်ခေါ်ဆောင်စဉ် ကြိုးဆွဲချသေဆုံးနေသည်ကိုတွေ့ရှိခဲ့ကြရာမှ သက်ဆိုင်ရာသို့ အကြောင်းကြားခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။
“အခင်းဖြစ်မယ့်နေ့ ဇူလိုင် ၃၀ ရက်မနက်ပိုင်းကကျောင်းသွားတက်သေးတယ်လို့ပြောတယ်။ ညနေ ကျောင်းဆင်းလာချိန်မှာ သူတည်းခိုတဲ့အပေါ်ထပ်ခန်းကိုသွားရောက်ပြီး ညနေစောင်းတဲ့အထိ ပြန်ထွက်မလာတော့လို့ ညစာစားဖို့သွားခေါ်တဲ့အချိန်မှာ ကြိုးဆွဲချသေဆုံးနေတာကိုတွေ့တာပေါ့။ ဘာကြောင့်လဲဆိုတာကိုတော့ စုံစမ်းနေဆဲဆိုပေမဲ့ လက်ရှိသိသလောက်ဆိုရင် အခင်းမဖြစ်ခင် ၂ ရက် လောက်ကတည်းက ကျောင်းထိုင်ဆရာတော်ထံကိုစိတ်ညစ်တယ်လို့ပြောဖူးတယ်။ အဲဒီနေ့ကစပြီးဘယ်သူ့ကိုမှ စကားပြောဆိုခြင်းမရှိတော့တာပဲတဲ့”ဟုအင်းစိန်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။
ထို့ကြောင့် အလောင်းကိုရင်ခွဲရုံသို့ပို့ဆောင်ကာ အင်းစိန်မြို့မရဲစခန်း၌ သေမှုသေခင်းအမှတ်စဉ် - ၅၇ /၂၀၁၉ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

ဒါးဇ ( အကုန်သိ သတင်းဌာန ) | ဓာတ်ပုံ - Toot pe

0 comments:

Post a Comment