Wednesday, July 31, 2019

ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်မှု အပေါ် သီတဂူဆရာတော် မိန့်ကြားချက် စိတ်မကောင်းဟု NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူးပြော


ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်မှု အပေါ် သီတဂူဆရာတော် မိန့်ကြားချက် စိတ်မကောင်းဟု NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူးမုံရွာအောင်ရှင်က ပြောဆိုသည်။

ပုဂံဘုရားများကို ကမ္ဘာ့အမွေအနှစ်အဖြစ် UNESCO က သတ်မှတ်လိုက်ခြင်းသည် အစ္စလမ်နိုင်ငံ ဖြစ်သော အဇာဘိုင်ဂျန်လက်အောက်သို့ ရောက်ရှိခြင်းဖြစ်သည်ဟု ဇူလိုင် ၂၇ရက်က ပြင်ဦးလွင်မြို့ အောင်ချမ်းသာကျောင်းတိုက် သာသနိကအဆောက်အဦးများ ရေစက်ချအောင်ပွဲ တွင် သီတဂူဆရာတော် ဒေါက်တာအရှင် ဉာဏိဿရက ဟောပြောမိန့်ကြားခဲ့သည်။
"အဇာဘိုင်ဂျန်ဆိုတဲ့နိုင်ငံ ဘယ်နားလဲလို့ရှာကြည့်တော့ အီရန်ရဲ့အနီးအနား ရုရှားတို့ ယူကရိန်းတို့တောင်ဖက်နား ကပ်စပီယံ ကမ်းခြေတစ်လျောက် ပတ်ပတ်လည် တခွင်လုံးက မွတ်စလင် တစ်ဝက် ကွန်မြူနစ်တစ်ဝက် ဝိုင်းနေတဲ့ နိုင်ငံသေးသေးလေး ရေနံ သိပ်ထွက်တယ်။ ကပ်စပီယံ ပင်လယ်ကို တာဆူတာတယ်။ ဘိုက်ကာ ဆိုတဲ့ နာမည်မှားရင်မှားမယ်။ အဲဒီမြို့ဟာ ကပ်စပီယံ ပင်လယ်ထဲ ချွန်ထွက်နေတယ် အီရန်ရဲ့ မြောက်ဖက်နားမှာ အစ္စလမ်မစ် တိုင်းပြည်မှာ ဒီအဖွဲ့ရောက်နေတယ်။ ပုဂံကို အဲဒီ အပ်လိုက်တယ်ဗျာ၊ အဲဒါလေးပဲပြောချင်တာပါ၊ စဉ်းစားစရာတော့ရှိတယ်" ဟု သီတဂူဆရာတော်က မိန့်ကြားသည်။
သီတဂူဆရာတော်၏ ဟောပြောမှုကို ကြားသိရသည်မှာ စိတ်မကောင်းဖြစ်မိကြောင်း မုံရွာအောင်ရှင်က ဆိုသည်။
"အဲဒါကတော့ အဲဒီကိစ္စကတော့ ကျွန်တော်သိပ်မပြောချင်ဘူးဗျာ။ အဲဒီကိစ္စကတော့လေ ဘာဖြစ်လို့လည်းဆိုတော့ အမျိုးမျိုးပြောနေကျတာပဲ။ တကယ်တမ်းကတော့ ကျွန်တော်ကတော့ အပွင့်လင်းဆုံးပြောရရင် ဒီဟာကြားရတာ စိတ်မကောင်းဘူးဗျ။ တကယ်မှန်တယ်ဆိုရင်ပေါ့လေ။ စိတ်မကောင်းစရာပဲ။ ကျွန်တော်တို့လေးစားရတဲ့ ကြည်ညိုရတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ဒီလိုပြောတယ်ဆိုရင်တာ့ သိပ်တော့ စိတ်မကောင်းစရာပဲ ကျွန်တော်အဲလောက်ပဲ ပြောချင်တယ်" ဟု မုံရွာအောင်ရှင်က ဆိုသည်။
NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင် တစ်ဦးဖြစ်သူ ဒေါက်တာမျိုးညွှန့်ကမူ သီတဂူဆရာတော်၏ ပုဂံဒေသနှင့်ပတ်သက်၍ မိန့်ဆိုချက်အပေါ် တစ်စုံတစ်ရာ မှတ်ချက်မပေးလိုဟုဆိုသည်။
သီတဂူဆရာတော်၏ မိန့်ကြားချက်နှင့်ပတ်သက်၍ ပြည်တွင်းတွင် ရိုက်ခတ်မှုကြီးမားနေပြီး ပြည်သူများ နားလည်မှု လွဲမှားနိုင်သဖြင့် အန္တရာယ်ရှိကြောင်း ဝေဖန်သုံးသပ်သူများက ဆိုကြသည်။

0 comments:

Post a Comment