Wednesday, July 31, 2019

ဒူဘိုင်းအုပ်စိုးသူတစ်ဦး၏ ဇနီးဖြစ်သူ ဟာယာမင်းသမီးက အဓမ္မထိမ်းမြားခံရခြင်းမှ အကာအကွယ်ပေးမှုရရှိရန် ကြိုးစား

အရှေ့အလယ်ပိုင်းတွင် လူသိများသော ဒူဘိုင်းအုပ်စိုးသူတစ်ဦး၏ ဇနီးဖြစ်သူက ယူကေတရားရုံးတစ်ခုတွင် အတင်းအကျပ် ထိမ်းမြားခံရခြင်းမှ အကာအကွယ်ပေးမှုကိုရရှိရန် လျှောက်ထားခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြသည်။
ဒူဘိုင်းစော်ဘွား အယ်လ်မက်တွမ်၏ဇနီးဖြစ်သူ ဟာယာမင်းသမီးသည် ထိုအိမ်ထောင်စုမှ ထွက်ပြေးရန်ကြိုးစားခဲ့သည့် တတိယမြောက် အမျိုးသမီးတစ်ဦးဖြစ်သည်။

သူမသည် အသက်အန္တရာယ်ကို စိုးရိမ်ရသောကြောင့် လန်ဒန်တွင် ပုန်းအောင်းနေသည်ဟု ယခုလအတွင်း သတင်းများထွက်ပေါ်ခဲ့သည်။ သူမ၏အမှုကို လန်ဒန်မြို့တွင် အင်္ဂါနေ့၌ စတင်ကြားနာခဲ့သည်။

ဟာယာမင်းသမီးက ယူအေအီးတွင် သူမထားရစ်ခဲ့ရသော ကလေးများအား အုပ်ထိန်းခွင့်ရရှိရေး၊ အဓမ္မ ထိမ်းမြားခံရမှုမှ အကာအကွယ်ပေးရေးနှင့် ဗလက္ကာရမပြုရန် အမိန့်ချပေးရေးတို့ကို လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ထိုအတောအတွင်း စော်ဘွားမက်တွမ်ကလည်း ၎င်း၏ကလေးများအား ဒူဘိုင်းသို့ ပြန်ခေါ်ရေးနှင့် တရားရုံးအမိန့်များကို အသေးစိတ်မထုတ်ပြန်ရေးတို့ကို လျှောက်ထားခဲ့ရာ အမိန့်အသေးစိတ် မထုတ်ပြန်ရေး တောင်းဆိုမှုကိုမူ ရုံးတော်က ပယ်ချခဲ့သည်။

ဂျော်ဒန်တွင် မွေးဖွားကာ ဗြိတိန်တွင် ပညာသင်ယူခဲ့သူ ဟာယာမင်းသမီးသည် အိုလံပစ် မြင်းစီးအားကစားမယ်တစ်ဦးဖြစ်ပြီး လက်ရှိဂျော်ဒန်ဘုရင် အဗ္ဗဒူလာ ၂ ၏ ဖအေတူမအေကွဲ နှမတော်စပ်သူတစ်ဦးဖြစ်သည်။

သူမသည် စော်ဘွားမက်တွမ်နှင့် ၂၀၀၄ ခုနှစ်တွင်လက်ထပ်ကာ ခြောက်ဦးမြောက်ဇနီး ဖြစ်လာခဲ့သည်။ ဂိုဒိုဖင်မြင်းပြိုင်ကွင်းများ၏ပိုင်ရှင် ဘီလျှံနာစော်ဘွား မက်တွမ်သည် ဇနီးများက မွေးဖွားပေးထားသော သားသမီး ၂၃ ဦးရှိသူဖြစ်သည်ဟု သိရှိရသည်။

ဟာယာမင်းသမီး ၄၅ နှစ်သည် အစပိုင်းတွင် ဂျာမနီနိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ခြင်းဖြစ်ပြီး ယခု လန်ဒန်တွင်နေထိုင်နေကြောင်း သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

သူမက လန်ဒန်တွင် နေထိုင်သွားလိုသော်လည်း သူမ၏ခင်ပွန်းက ဒူဘိုင်းသို့ပြန်ခေါ်ရန် လျှောက်ထားမှုကြောင့် ဤကိစ္စသည် ယူအေအီးနှင့် ဆက်ဆံရေး ရင်းနှီးသော ဗြိတိန်အတွက် သံတမန်ရေး ခေါင်းခဲစရာကိစ္စ ဖြစ်လာနိုင်သည်။

မင်းသမီးနှင့် နီးစပ်သူများက ဟာယာမင်းသမီးသည် စော်ဘွားမိသားစုထဲမှ သမီးတစ်ဦးဖြစ်သူ လက်တီဖာ အိမ်ပြန်ရောက်လာပုံနှင့် ပတ်သက်သော စိတ်အနှောင့်အယှက်ဖြစ်စရာ အချက်များကို သိရှိသွားခဲ့သည်ဟု ယခုလ အစောပိုင်းတွင် ပြောကြားခဲ့သည်။

လက်တီဖာသည် ပြင်သစ်အမျိုးသားတစ်ဦး၏ အကူအညီဖြင့် ပင်လယ်လမ်းကြောင်းမှတစ်ဆင့် ယူအေအီးမှ ထွက်ပြေးသွားခဲ့ပြီးနောက် အိန္ဒိယကမ်းလွန်တွင် လက်နက်ကိုင်လူတစ်စု၏ ကြားဖြတ်လုယူမှုကိုခံရကာ ဒူဘိုင်းသို့ ပြန်ပို့ခံလိုက်ရခြင်းဖြစ်သည်။

မင်းသမီးဟာယာသည် အစပိုင်းတွင် ထိုကိစ္စနှင့်ပတ်သက်၍ ဒူဘိုင်းဘက်မှ ကာကွယ်ပြောဆိုနေခဲ့သော်လည်း နောက်ပိုင်းတွင် အဖြစ်မှန်ကိုသိရှိသွားခဲ့ရာမှ အကျိုးဆက်အနေနှင့် ခင်ပွန်းဖြစ်သူထံမှ ဖိအားပေးမှုများကို ခံခဲ့ရခြင်းဖြစ်သည်။

0 comments:

Post a Comment