Monday, July 1, 2019

မန္တလေးသို့ လာရောက်သည့် တရုတ်ခရီးသွားများကို စောင့်ကြည့်လေ့လာ


ခရီးသွားလာရေးနှင့် ပတ်သက်ပြီး ကောင်းမွန်သည့်စနစ်တစ်ခုရှိလာစေရန်အတွက် မန္တလေးမြို့သို့ လာရောက်သည့် တရုတ်ခရီးသွား ဧည့်သည်များကို စောင့်ကြည့်လေ့လာလျက်ရှိကြောင်း ခရီးသွားလုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) ထံမှ သိရသည်။ 
“စည်းစနစ်ကျပြီးတော့ စနစ်တစ်ခု လည်ပတ်နိုင်အောင်ပါ။ အဓိက ကတော့ အချက်အလက်တွေရချင်တာပေါ့။ ခရီးသွားတွေရဲ့ အမူအကျင့်တွေက ဘယ်လိုရှိသလဲ၊ ကိုယ်တွေကဘာတွေ ပြင်ဆင်ရမလဲ၊ ဘယ်လိုစနစ်တွေနဲ့သွားကြမလဲဆိုတာတွေ သိနိုင်အောင်ပါ။ ကောင်းတဲ့စနစ်တစ်ခုကို တည်ဆောက်နိုင်အောင်ပါ”ဟု ခရီးသွားလုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) ဥက္ကဋ္ဌ ဦးမျိုးရီက ဆိုသည်။ 
ယင်းသို့လုပ်ဆောင်ရန် ဇွန်လ တတိယပတ်အတွင်းက မန္တလေးတိုင်းဒေသကြီး၊ တရုတ်ခရီးသည်များကို စောင့်ကြည့်လေ့လာသုံးသပ်တင်ပြရေးအဖွဲ့ကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။ 
တရုတ်ခရီးသွားများ မြန်မာနိုင်ငံအတွင်းသို့ အုပ်စုလိုက် ဝင်ရောက်လည်ပတ်လျက်ရှိရာ၌ သက်ဆိုင်ရာကုမ္ပဏီများမှ စနစ်တကျ ခရီးစဉ် ဆောင်ရွက်ပေးခြင်း ရှိ မရှိ စိစစ်ခြင်း၊ ခရီးသွားလုပ်ငန်းများက အချက်အလက်များကို ကောက်ယူခြင်း၊ လုပ်ငန်းဆောင်ရွက်မှုနှင့် ငွေကြေးသုံးစွဲမှုများကို စိစစ်သုံးသပ်ခြင်းနှင့် Chinese Tour များက နိုင်ငံတော်နှင့် လုပ်ငန်းရှင်များအတွက် အကျိုးအမြတ် ကျယ်ကျယ်ပြန့်ပြန့်ရရှိရေးအတွက် မည်သို့စီမံခန့်ခွဲရမည်ကို လေ့လာသုံးသပ်ရန်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) ထံမှ သိရသည်။ 
အဆိုပါလေ့လာမှုများကို ဇွန်လ နောက်ဆုံးပတ်မှစ၍ တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှစတင်ပြုလုပ်နေပြီး တရုတ်ခရီးသွားများကို ကြိုသည့် ကုမ္ပဏီ၊ ကုမ္ပဏီလိုင်စင် ရှိ မရှိ၊ လာရောက်သည့်မြို့၊ လူဦးရေ၊ လေကြောင်းလိုင်း၊ သုံးစွဲမည့် ငွေကြေးပမာဏများ၊ ငွေပေးချေမှုစနစ်များကို လေ့လာသုံးသပ်မှုများပြုလုပ်နေခြင်းဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။ 
မန္တလေးသို့ တရုတ်ခရီးသွား ဝင်ရောက်မှုမှာ သိသာစွာ တိုးတက်လာနေပြီး ကာလတူနှိုင်းယှဉ်ပါက ၂၀၁၈ ခုနှစ်၊ မေလအထိ တရုတ်ခရီးသွား ၁၁၂,၀၀၀ ကျော်ဝင်ရောက်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် မေလအထိမူ တရုတ်ခရီးသွား ၂၆၆,၀၀၀ ကျော်ဝင်ရောက်ခဲ့ရာ ပြီးခဲ့သည့်နှစ်ထက် ကာလတူနှိုင်းယှဉ်ပါက ၁၃၇ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှုဦးစီးဌာန စာရင်းများအရ သိရသည်။ 

The Voice

0 comments:

Post a Comment