Thursday, July 25, 2019

နိုင်ငံအတွင်း ယုန်ထင်ကြောင်ထင်ဖြစ်စေသည့် ကိစ္စရပ်မျိုး မဖြစ်သင့်ဟုဆို

Image may contain: 1 person
နိုင်ငံအတွင်း ယုန်ထင်ကြောင်ထင် ဖြစ်စေရန်နှင့် အမှားအယွင်းများ ဖြစ်စေသည့် ကိစ္စရပ်မျိုး မဖြစ်သင့် ကြောင်း NLD ပါတီအမတ် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောဆိုသည်။

လတ်တလော ဖြစ်ပွားခဲ့သည့် ဗုံးလန့်မှု ဖြစ်စဉ် များနှင့်ပတ်သက်၍ ဇူလိုင် ၂၅ ရက်က နေပြည်တော်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးတွင် လာရောက်ကြားနာသည့် ဦးအောင်ကြည်ညွန့်က မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
"တကယ်ဆိုရင်တော့ တကယ့်ဒီမိုကရေစီကိုတော့ အသားကျပြီးတော့ သွားတဲ့အခါမှာ ရည်ရွယ်ရမယ့် ဦးတည်ချက်က သူ့ပါတီနိုင်ရေး၊ကိုယ့်ပါတီနိုင်ရေးဆိုတာထက် တကယ့်တိုင်းပြည်အတွက်ကို နိုင်ငံရေးအနာဂတ်အတွက်ကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ ဦးတည်ချက်နဲ့ စဉ်းစားကြမယ်ဆိုရင် ပါတီတွေအချင်းချင်းကြားထဲမှာ မှန်ကန်တဲ့နည်း၊ တရားမျှတတဲ့နည်း၊ သမာသမတ်ကျတဲ့နည်း၊ သိက္ခာရှိရှိ စီစဉ်ဆောင်ရွက်ကြတဲ့ အစဉ်အလာမျိုးဖြစ်လာရင် အင်မတန်ကောင်းတာပေါ့။ အဲဒီလိုမဟုတ်ဘဲနဲ့ နိုင်ငံတွင်းထဲမှာ ယုန်ထင်ကြောင်ထင်တွေဖြစ်အောင်၊ အမှားအယွင်းတွေဖြစ်အောင်၊ မလိုလားအပ်တဲ့ လူတွေရဲ့ စိုးရိမ်ကြောင့်ကြစိတ်တွေဖြစ်အောင် ဆိုတဲ့ ကိစ္စရပ်မျိုးကတော့ ဖြစ်သင့်တဲ့ကိစ္စ မဟုတ်ဘူးလို့ပဲ သုံးသပ်ပြီး ပြောချင်ပါတယ်"ဟု ဦးအောင်ကြည်ညွှန့်က ပြောဆိုသည်။
ဇူလိုင်၂၃ရက်က လွှတ်တော်ကိုယ်စားလှယ်များနေထိုင်သည့် နေပြည်တော်စည်ပင်ဧည့်ရိပ်သာအတွင်း ဗုံးတွေ့သည်ဟူသောကောလာဟလသတင်းများ ထွက်ပေါ်ခဲ့ပြီး တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ရာ ဗုံးမတွေ့ကြောင်း သိရသည်။ ထို့အတူ ဇူလိုင် ၂၄ ရက်ကလည်း ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ဘ၀မြင့်ရပ်ကွက်အတွင်းရှိ မြို့နယ် NLD ရုံးနှင့် လွှတ်တော်ကိုယ်စားလှယ်ရုံးရှေ့တွင် လက်ပစ်ဗုံးတစ်လုံး တွေ့ရှိခဲ့ကြောင်း သိရသည်။

သတင်း ၊ ဓာတ်ပုံ - မင်းမင်းထွန်း
The Standard Time Daily

0 comments:

Post a Comment