ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်ခဲ့သည့် အကျဉ်းသားများစာရင်းကို ပြည်ထဲရေးဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြထားပြီး ပြစ်ဒဏ်လျှော့ပေါ့ပေးမှု ရှိ မရှိကို လတ်တလောတွင် အကြောင်းပြန်ကြားလာမှု မရှိသေးကြောင်း အကျဉ်းဦးစီးဌာနထံမှ သိရှိရသည်။
“၁၀ တန်းစာမေးပွဲ အောင်မြင်တဲ့ အကျဉ်းသားစာရင်းကို အကျဉ်းဦးစီးကနေ ပြည်ထဲရေးကိုတင်ပြတယ်။ ပြည်ထဲရေးကနေတစ်ဆင့် အစိုးရအဖွဲ့ရုံးထံ တင်ပြထားပြီးပါပြီ။ ယခင်နှစ်တွေကလည်း ၁၀ တန်းစာမေးပွဲ အောင်မြင်ခဲ့သူတွေကို ပြစ်ဒဏ်လျှော့ပေါ့ပေးမှုတွေ ရှိခဲ့တယ်။ အခုနှစ်တော့ ပြစ်ဒဏ်လျှော့ပေါ့ပေးမှု ရှိ မရှိ ဆိုတာကို အထက်က ပြန်ကြားလာတဲ့စာအပေါ် မူတည်ပြီးမှ သိရှိနိုင်မယ်။ အခုထိတော့ ပြန်ကြားလာခြင်း မရှိသေးဘူး”ဟု အကျဉ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောသည်။
၂၀၁၈ - ၁၉ ခုနှစ် ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အင်းစိန် ဗဟိုအကျဉ်းထောင်အပါအဝင် အကျဉ်းထောင် ကိုးခုမှ ပြစ်ဒဏ်ကျ အကျဉ်းသား ၁၇၁ ဦးက ဝင်ရောက်ဖြေဆိုခဲ့ပြီး ၉၄ ဦး အောင်မြင်ခဲ့သဖြင့် အောင်ချက်မှာ ၅၄ ဒသမ ၉၇ ရာခိုင်နှုန်းရှိခဲ့ကြောင်း အကျဉ်းဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ခဲ့သည့် အကျဉ်းသားများစာရင်းတွင် သုံးဘာသာ ဂုဏ်ထူးရှင်လေးဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၁၆ ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် ၂၁ ဦးနှင့် ရိုးရိုးအောင်မြင်ခဲ့သူ ၅၃ ဦးပါဝင်ခဲ့ပြီး စာမေးပွဲအောင်မြင်ခဲ့သည့် အကျဉ်းသားများတွင် မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ပြစ်ဒဏ်ကျခံနေရသူ အများအပြား ပါဝင်နေကြောင်း အကျဉ်းဦးစီးဌာနထံမှ သိရှိရသည်။
၂၀၁၇-၁၈ ခုနှစ် ပညာသင်နှစ်က တက္ကသိုလ်ဝင်စာမေးပွဲကို အကျဉ်းသား ၁၀၄ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာတွင် ၄၇ ဦးအောင်မြင်ခဲ့ပြီး စာမေးပွဲ အောင်မြင်ခဲ့သူများကို ပြစ်ဒဏ်ကျခံနေရသည့်အပေါ် မူတည်၍ ပြစ်ဒဏ်များ လျှော့ပေါ့ခံစားခွင့်ပြုခဲ့သည်။
The Voice
0 comments:
Post a Comment