Friday, May 22, 2020

မျိုးဆက်ပွားကျန်းမာရေးအသုံးအနှုန်းတွေကို မြန်မာ့ယဉ်ကျေးမှုနဲ့သင့်တော်အောင်ထည့်သွင်းထား

ဒသမတန်း ဘဝတွက်တာကျွမ်းကျင်စရာမှာပါဝင်တဲ့ မျိုးဆက်ပွားကျန်းမာရေးအသုံးအနှုန်းတွေကို မြန်မာ့ယဉ်ကျေးမှုနဲ့ သင့်တော်အောင်ထည့်သွင်းထားတယ်လို့ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ တာဝန်ရှိသူတွေကပြောလိုက်ပါတယ်။
ဒီကနေ့ မေလ ၂၂ ရက်မှာ ဘဝတွက်တာကျွမ်းကျင်စရာနဲ့ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။
“ထွန်းထွန်းနဲ့ ချိုချိုဆိုပါတော့။ အဲဒီအကြောင်းရေးထားတဲ့စာမှာ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာမှုနယ်ပယ်နဲ့ အမျိုးသားရေးလက္ခဏာစရိုက်နဲ့ မကိုက်တဲ့အချက်အလက်တွေကို တော်တော်များများဖြုတ်ပြီးတော့မှ ထည့်သွင်းထားတာပါ။ နောက်ပိုင်းကွန်ဒုံးအသုံးပြုမှုဆိုတဲ့စကားလုံးတွေက ကျန်းမာရေးအသုံးအနှုန်းအရ ပြင်လို့မရဘူး။ ဒါကြောင့် ကျွန်တော်တို့က မြန်မာမှုနယ်ပယ်မှာ မြန်မာတွေနားထဲ၊ ကလေးတွေရဲ့ နားထဲမှာ ကိုက်ပါ့မလားဆိုတဲ့အခါကျတော့ ဘာလုပ်ရလဲဆိုတော့ ဆရာကိုင်စာအုပ်မှာ ကလေးတွေနားလည်အောင်၊ ကလေးတွေ သဘောပေါက်အောင် ဘယ်လိုအသုံးအနှုန်းတွေသုံးမလဲ ဒီလိုနည်းတွေ စဉ်းစားရပါတယ်။” လို့ သင်ရိုးညွန်းတမ်းကော်မတီတာဝန်ရှိသူက ဆိုပါတယ်။
မျိုးဆက်ပွားကျန်းမာရေးအသုံးအနှုန်းတွေနဲ့ပတ်သက်ပြီး ကျန်းမာရေးရဲ့ သဘောသဘာဝအရ သုံးနှုန်းရမယ့်စကားလုံးတွေရှိနေသလို မြန်မာ့ယဉ်ကျေးမှုနဲ့သင့်တော်အောင်လည်း ချင့်ချိန်စဉ်းစားရတဲ့ အပိုင်းတွေလည်းရှိခဲ့တယ်လို့ဆိုပါတယ်။
“ တချို့ကိစ္စတွေမှာ ယောက်ျားလေးနဲ့ မိန်းကလေး ဘယ်လိုခွဲပြီးသင်ကြားမလဲဆိုတဲ့ နည်းဗျူဟာတွေလည်း ထည့်သွင်းစဉ်းစားခဲ့ပါတယ်။ အခုချိန်မှာ အရွယ်မတိုင်ခင် ကိုယ်ဝန်ဆောင်နေတာတွေ၊ Single Mother တွေ၊ မိဘမဲ့ကလေးတွေ၊ မြောင်းထဲ ချုံဘေးရောက်နေတဲ့ ကလေးတွေ ဘယ်လောက်ရှိနေပြီ၊ သက်ငယ်မုဒိမ်းတွေ ဘယ်လောက်ရှိနေပြီ... ဒါတွေဟာ ဒီအချိန်မှ ပညာမပေးရင်တော့ မရဘူး။ ဘဝတွက်တာ ကျွမ်း ကျင်စရာဆိုတာ ဒီဆယ်တန်းဘဝလေးကို မကြည့်နဲ့။ သူတို့ရဲ့ဘဝတစ်လျှောက်လုံးအထိ ပါသွားတာပါ။” လို့ ပြောပါတယ်။
လက်ရှိမှာ မျိုးဆက်ပွားကျန်းမာရေးနဲ့ပတ်သက်ပြီး ပထမတန်းကစလို့ ပညာပေးမှုတွေလုပ်နေရာ ကလေးအရွယ်နဲ့ ကိုက်ညီတဲ့ နားလည်တဲ့ စကားလုံးတွေနဲ့ သင်ကြားပေးနေတယ်လို့လည်းဆိုပါတယ်။
ဘဝတွက်တာကျွမ်းကျင်စရာ သင်ရိုးညွှန်းတမ်းသစ်ကိုလည်း တစ်နှစ်ခွဲခန့် အချိန်ယူပြင်ဆင်ခဲ့ရပြီး အဆိုပါ သင်ရိုးညွှန်းတမ်းကို ရေးဆွဲရာမှာလည်း ပညာရေးသုတေသနစီမံကိန်းနဲ့ လေ့ကျင့်ရေးဦးစီးဌာနက သင်ရိုးအဖွဲ့၊ ပညာရေးတက္ကသိုလ်၊ ပညာရေးကောလိပ်အသီးသီးက အတတ်သင်ပညာရေးက ဆရာဆရာမတွေ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကျန်းမာရေးပညာရှင်တွေ၊ ပြည်သူ့ကျန်းမာရေးပညာရှင်တွေ၊ ကူးစက်ရောဂါပညာရှင်တွေ ၊ နိုင်ငံတကာမှ အကြံပေးတွေ အားလုံးပူးပေါင်းရေးဆွဲထားတာဖြစ်ကြောင်း၊ အဲဒီကတစ်ဆင့် အမျိုးသားသင်ရိုးညွန်းတမ်းကော်မတီထံကို ပေးပို့ပြီး အဲဒီကမှတစ်ဆင့် အမျိုးသားပညာ ရေးမူဝါဒကော်မရှင်ရဲ့ လမ်းညွှန်မှုနဲ့ ပညာရေးဝန်ကြီးဌာနက အတည်ပြု ထုတ်ဝေထားတာဖြစ်တယ်လို့ သိရပါတယ်။
Ref ; Duwun

0 comments:

Post a Comment