Friday, May 22, 2020

အိမ်အကူမိန်းကလေးအား ညှင်းပန်းနှိပ်စက်တဲ့ သရုပ်ဆောင် မင်းရာဇာအမှု ရုံးပြောင်းလျှောက်

မြောက်ဥက္ကလာပတရားရုံးမှာ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာ အပါအဝင် (၄)ယောက်ရဲ့အမှုကို ရုံးပြောင်း လျှောက်ထားတဲ့အတွက် အရှေ့ပိုင်းခရိုင်တရားရုံးက အမှုတွဲတောင်းခံ ကြည့်ရှုစစ်ဆေးနေတယ်လို့ အိမ်အကူ မိန်းကလေးရဲ့ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။ အဲဒါကြောင့် မေ (၂၁)ရက် စစ်ဆေးမယ့်ရုံးချိန်းမှာ မင်းရာဇာအပါအဝင်(၄)ယောက်ကို ရုံးထုတ်စစ်ဆေးတာ မရှိဘူးလို့ ဦးရောဘတ်စန်းအောင်က ဆိုပါတယ်။
“ ကျွန်တော်တို့ ရုံးပြောင်းလျှောက်ထားတော့ အချုပ်တရားခံ မင်းရာဇာက ရုံးထွက်လာချင်မှ ထွက်လာမယ်။ လောလောဆယ်မှာလည်း ထောင်ကလည်း အချုပ်တွေကို ထုတ်မပေးဘူး။ လာလည်း ဆက်စစ်သွားလိမ်မယ်” လို့ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
သရုပ်ဆောင် မင်းရာဇာ၊ ဇနီး မဖူးငုံပွင့် (ခေါ်) ဇူးဇူး နဲ့ အောင်လွင်စိုး (ခေါ်) ရခိုင်လေးတို့ (၃)ယောက်ကို ဧပြီ (၉) ရက် ညပိုင်းက မြဝတီမြို့နယ်အတွင်းက DKBA နယ်မြေမှာ ဖမ်းမိခဲ့ပြီး ယောက္ခမဖြစ်သူ ဦးမောင်မောင်အေးကို ဧပြီ (၈) ရက်က နေအိမ်မှာ ဖမ်းမိခဲ့တာပါ။
အိမ်အကူမိန်းကလေးကို အက်ဆစ်နဲ့ ပက်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာ၊ ဇနီးဖြစ်သူ မဖူးငုံပွင့်(ခေါ်) ဇူးဇူး ၊ မန်နေဂျာ အောင်လွင်စိုး (ခေါ်) ရခိုင်လေး နဲ့ မင်းရာဇာရဲ့ ယောက္ခမဖြစ်သူ ဦးမောင်မောင်အေးတို့ကို မေ(၇) ရက်က အပြင်းအထန်နာကျင်စေမှု ပုဒ်မ၊ ပူးပေါင်းပါဝင်မှုပုဒ်မတွေနဲ့ အမှုနှစ်မှု ခွဲပြီး မြောက်ဥက္ကလာပမြို့နယ်တရားရုံးမှာ တရားစွဲတင်ခဲ့ပါတယ်။ အဲဒီအမှုအတွက် တရားရုံးထုတ်တဲ့ နေမှာပဲ မင်းရာဇာရဲ့ ယောက္ခမ ဦးမောင်မောင်အေးကိုတော့ တရားရုံးက ကျပ် (၁၀) သိန်းနဲ့ အာမခံ ပေးခဲ့ပါတယ်။ မင်းရာဇာကိုတော့ အရှေ့ပိုင်းခရိုင်တရားရုံးမှာ မုဒိမ်းမှုနဲ့ ထပ်မံ တရားစွဲဆိုထားပါသေးတယ်။ ကျူးလွန်ခံခဲ့ရတဲ့ အိမ်အကူ မိန်းကလေးကတော့ မြောက်ဥက္ကလာပ မေဓာဝီဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရပါတယ်။
Ref ; One News Myanmar

0 comments:

Post a Comment