Friday, May 22, 2020

COVID-19 ရောဂါ ကူးစက်ပြန့်ပွားနေခြင်းကြောင့် နိုင်ငံတကာလေကြောင်းများယာယီရပ်ဆိုင်းထားသည့်ကာလအတွင်း ပိတ်မိနေသည့် မြန်မာနိုင်ငံသားများအား စတုတ္ထအကြိမ် ပို့ဆောင်ပေး

ကမ္ဘာတစ်ဝန်း၌ COVID-19 ရောဂါကူးစက်ပြန့်ပွားနေခြင်းကြောင့် နိုင်ငံတကာလေကြောင်းလိုင်းများ ပျံ သန်းမှု ယာယီရပ်ဆိုင်းထားသည့်ကာလအတွင်း ကိုရီးယားသမ္မတနိုင်ငံနှင့် အခြားနိုင်ငံအချို့တို့တွင် အ ကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဖြစ်နေပြီး၊ မဖြစ်မနေ အပြီးပြန်လည် ထွက်ခွာရန် လိုအပ်နေသော မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ရန်အတွက် စတုတ္ထအကြိမ်ကယ်ဆယ်ရေးလေယာဉ် (Relief Flight)ကို မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း(MAI)ဖြင့် (၂၂-၅-၂၀၂၀) ရက်နေ့၊ (၁၇:၂၀) နာရီအချိန်တွင် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ပြည်လည်ပို့ဆောင်ပေးခဲ့ပါသည်။
ယင်းကယ်ဆယ်ရေးလေယာဉ်တွင် ကိုရီးယားသမ္မတနိုင်ငံရှိ မြန်မာနိုင်ငံသား(၇၂)ဦး၊ အမေရိကန်ပြည်ထောင် စု၊ ဗြိတိန်နိုင်ငံ၊ နော်ဝေနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဟောင်ကောင်၊ ကာတာနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကနေဒါနိုင်ငံ၊ ဘယ်လ်ဂျီယံနိုင်ငံနှင့် အီတလီနိုင်ငံတို့မှ လာရောက်လိုက်ပါသည့် မြန်မာနိုင်ငံသား (၆၀)ဦး၊ စုစုပေါင်း (၁၃၂)ဦး တို့ပါရှိပါသည်။
ယင်းလေကြောင်းလိုင်းဖြင့် ထွက်ခွာမည့်နိုင်ငံသားများအနေဖြင့် လေယာဉ်စီးနင်း လိုက်ပါမည့်နေ့ရက်တွင် လေဆိပ်၌ တစ်စုံတစ်ရာအခက်အခဲ မဖြစ်ပေါ်စေရန်၊ ဖြစ်ပေါ်လာပါက ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန်နှင့် Transit ခရီးစဉ်အဖြစ် လိုက်ပါစီးနင်းမည့် နိုင်ငံသားများ အဆင်ပြေ ချောမွေ့စေရန်အတွက် မြန်မာသံရုံးဝန်ထမ်းများမှ လေဆိပ်သို့သွားရောက်ကာ လိုအပ်သည်များ ချိတ်ဆက်ကူညီဆောင်ရွက်ပေးခဲ့ပါသည်။
ယခုကဲ့သို့ ရောဂါဖြစ်ပွားမှုကာလအတွင်း ကမ္ဘာ့တစ်ဝန်း၌ ပိတ်မိနေသော မြန်မာနိုင်ငံသားများအား ကယ် ဆယ်ရေးလေယာဉ်(Relief Flight)များဖြင့် မြန်မာနိုင်ငံသို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် နားလည်မှုရှိစွာ စည်းကမ်းတကျ ပူးပေါင်းပါဝင် ပေးခဲ့ကြသော ပြည်ပရောက် မြန်မာနိုင်ငံသားများအား မြန်မာသံရုံး၊ ဆိုးလ်မြို့အနေဖြင့် ကျေးဇူး တင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
Ref ; Myanmar Embassy, Seoul

0 comments:

Post a Comment