
ကန်တော်နဒီဆေးရုံမှာ တက်ရောက်နေတဲ့ COVID 19 ပိုးတွေ့လူနာအမှတ် ၈၂အမျိုးသမီးဟာ ပိုးမတွေ့အဖြေ နှစ်ကြိမ်ထွက်ပြီး ဆေးရုံဆင်းခွင့်ရရှိတဲ့အတွက် မန္တလေးက COVID ပိုးတွေ့လူနာအားလုံး သက်သာပျောက်ကင်းပြီဖြစ်တယ်လို့ မန္တလေးအထွေထွေရောဂါကု ဆေးရုံအုပ်ကြီးဒေါက်တာ စုစုဒွေးက ပြောပါတယ်။
"ဆေးရုံဆင်းခွင့်ရပြီ၊ ဒါပေမယ့် Quarantine နှစ်ပတ် စောင့်ကြည့်ရမယ်ပေါ့။ နဒီမြန်မာဟိုတယ်မှာ နေမလား၊ ဘယ်မှာနေမလဲဆိုတာတော့ မတိုင်ပင်ရသေးဘူး။ ဒီနေ့မေးပြီး ပြောင်းပေးသွားမှာပါ။ "လို့ ဒေါက်တာ စုစုဒွေးကပြောပါတယ်။
အဲ့ဒီလူနာဟာ သုံးကြိမ်ဆက်တိုက် Positive(ပိုးတွေ့) အဖြေထွက်ရှိပြီးနောက် မေ ၈ ရက်နဲ့ ၁၀ ရက်က ထပ်မံဓါတ်ခွဲစစ်ဆေးရာ Negative (ပိုးမတွေ့)အဖြေထွက်ရှိခဲ့တာ ဖြစ်ပါတယ်။
COVID 19 ရောဂါကူးစက်ပြန့်ပွားမှု ဖြစ်ပေါ်နေစဥ်ကာလအတွင်း မန္တလေးမြို့မှာ ပိုးတွေ့လူနာ သုံးဦးရှိခဲ့ရာကနေ အခုဆိုရင် လူနာအားလုံး ပိုးမတွေ့ရအဖြေနဲ့ ဆေးရုံဆင်းခွင့်ရရှိပြီ ဖြစ်ပါတယ်။
လူနာအမှတ်-၄ အသက် (၃၈)နှစ်အရွယ် အမျိုးသားဟာ ဧပြီ ၂၂ ရက်က အိမ်ပြန်ခွင့်ရခဲ့ပြီး လူနာအမှတ် ၁၃၂ အသက် (၈၀) အရွယ် အမျိုးသားက မေ ၆ ရက်က ဆေးရုံဆင်းခွင့်ရခဲ့ကာ Facility Quarantine အဖြစ် ၁၄ ရက် ထပ်မံ စောင့်ကြည့်နေတာဖြစ်ပါတယ်။
အခု နောက်ဆုံးကျန်ရှိနေတဲ့ လူနာအမှတ်-၈၂ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးကိုလည်း ပိုးမတွေ့အဖြေ နှစ်ကြိမ်ထွက်တဲ့အတွက် ဆေးရုံဆင်းခွင့်ပြုပြီး Facility Quarantineအဖြစ် နှစ်ပတ် စောင့်ကြည့်မှာ ဖြစ်ပါတယ်။
မန္တလေးတိုင်းအတွင်းမှာ မေ ၁၂ ရက်အထိ Quarantine ထားရှိသူ (၁၅၆၀၀)ကျော်ရှိပြီး သတ်မှတ်ရက်ပြည့်ပြီးသူ (၈၁၀၀)ကျော် ရှိတဲ့အတွက် လက်ရှိဆောင်ရွက်ထားဆဲ (၇၅၀၀) ကျော်ရှိတယ်လို့ မန္တလေးတိုင်းအစိုးရအဖွဲ့ကနေသိရပါတယ်။
Ref ; Voice of Myanmar






0 comments:
Post a Comment