Thursday, May 21, 2020

စမ်းသပ်မှုအောင်မြင်ပါက COVID-19 ကာကွယ်ဆေး တစ်ဘီလီယံ ထုတ်လုပ်မည်ဟု ဗြိတိန်ဆေးကုမ္ပဏီပြော

အောက်စ်ဖို့တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေ ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကို လူတွေမှာစမ်းသပ်မှု အောင်မြင်ခဲ့ပါက ယခုနှစ်နဲ့ လာမယ့်နှစ်အတွင်း ကာကွယ်ဆေး တစ်ဘီလီယံ ထုတ်လုပ်သွားရန် မျှော်လင့်ထားကြောင်း ဗြိတိန်အခြေစိုက် ဆေးဝါးကုမ္ပဏီ AstraZeneca က မေ ၂၁ ရက်မှာ ပြောပါတယ်။
AstraZeneca ဆေးဝါးကုမ္ပဏီက အောက်စ်ဖို့တက္ကသိုလ်ထုတ် ChAdOx1 nCoV-19 ကာကွယ်ဆေး အ မြောက်အမြားထုတ်လုပ်ရန် ဧပြီ ၃၀ ရက်နေ့မှာ သဘောတူညီမှုရရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ကာကွယ် ဆေးကို လူတွေမှာ ထိုးနှံစမ်းသပ်ထားတဲ့ အစောပိုင်းအဆင့်ရလဒ်များကို မကြာမီ သိရှိနိုင်လိမ့်မယ်ထင်ကြောင်း ကုမ္ပဏီက ဆိုပါတယ်။ AstraZeneca ဟာ ကာကွယ်ဆေး သန်း ၄၀၀ ထုတ်လုပ်ရန်အတွက် ပထမ သဘောတူညီမှု လက်မှတ်ရေးထိုးထားတယ်လို့ သိရပါတယ်။
ထိုအတောအတွင်း အမေရိကန်အစိုးရက အလားအလာကောင်းတဲ့ အောက်စ်ဖို့တက္ကသိုလ် COVID-19 ကာ ကွယ်ဆေး အလုံးရေ သန်း ၃၀၀ မှာကြားထားပြီး လာမယ့် အောက်တိုဘာလမှာ ပထမဆုံးအကြိမ် ထိုးနှံပေးမှုတွေ လုပ်ဆောင်နိုင်ရန် မျှော်လင့်ထားကြောင်း Department of Health and Human Services (HHS) က မေ ၂၁ ရက်မှာ ပြောပါတယ်။
အောက်စ်ဖို့တက္ကသိုလ်ထုတ် ယခု ကာကွယ်ဆေးဟာ အလုပ်မဖြစ်တာမျိုး ဖြစ်နိုင်ကြောင်းကို လက်ခံထားကြောင်း၊ သို့သော် အစောပိုင်းအဆင့် စမ်းသပ်မှုရလဒ်များ ကောင်းမွန်ခဲ့ပြီး လူတွေကို စမ်းသပ်မှုတွေ နိုင်ငံအချို့မှာ လုပ်ဆောင်လာနိုင်ခဲ့ကြောင်း AstraZeneca က ဆိုပါတယ်။
AstraZeneca ကုမ္ပဏီဟာ COVID-19 ကာကွယ်ဆေးထုတ်လုပ်ရန်အတွက် အမေရိကန် Biomedical Advanced Research and Development Authority ထံမှ ဒေါ်လာ ၁ ဘီလီယံ လက်ခံရရှိထားကြောင်းလည်း ထုတ်ပြန်ချက်တစ်ခုမှာ ပြောထားပါတယ်။ လူတွေမှာ ChAdOx1 nCoV-19 ကာကွယ်ဆေး စမ်းသပ်ထားမှု အောင်မြင်ခဲ့ပါက ဗြိတိန်မှာ လာမယ့် စက်တင်ဘာလအတွင်း COVID-19 ကာကွယ်ဆေး ရရှိနိုင်မယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။
ဂျာမနီ ဇီဝနည်းပညာကုမ္ပဏီ BioNTech နဲ့ အမေရိကန် ဆေးဝါးကုမ္ပဏီကြီး Pfizer တို့ကလည်း အလား အလာရှိတဲ့ စမ်းသပ်အဆင့် COVID-19 ကာကွယ်ဆေးကို လူတွေမှာစမ်းသပ်မှု စတင်နေပြီဖြစ်ပြီး အဆင် ပြေပါက ယခုနှစ်ကုန်ပိုင်းအရောက်မှာ လူဦးရေ သန်းနဲ့ချီ ကာကွယ်ဆေးရရှိနိုင်မယ်လို့ ကုမ္ပဏီနှစ်ခုက ပြောထားပါတယ်။
ကမ္ဘာတစ်ဝှမ်းမှာ လူတွေကို တရားဝင် ထိုးနှံစမ်းသပ်ခွင့်ရထားတဲ့ ထုတ်လုပ်နေဆဲ COVID-19 ကာကွယ် ဆေး အရေအတွက် လက်တဆုပ်စာမျှသာရှိတယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ကမ္ဘာတစ်ဝှမ်း ကုမ္ပဏီနဲ့ အဖွဲ့အစည်း အများအပြားက COVID-19 ကာကွယ်ဆေး အမျိုးပေါင်း ၁၀၀ ခန့်ကို အောင် မြင်စွာ ထုတ်လုပ်နိုင်ရန် အားထုတ်ကြိုးပမ်းနေကြပါတယ်။ ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်အရ ဘေးကင်းစိတ်ချရပြီး COVID-19 ရောဂါကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးရရှိရန် ၁၂ မှ ၁၈ လ အချိန်ကြာမြင့်နိုင်ကြောင်း သိရပါတယ်။
Ref ; Duwun

0 comments:

Post a Comment