ဂျပန်ကားကုမ္ပဏီ Mitsubishi Motors သည် ၎င်းတို့ကုမ္ပဏီ၏ ကတိကဝတ်ဖြစ်သည့် အရှေ့တောင်အာရှတွင် ဂျပန်မော်တော်ကားထုတ်လုပ်သူ တိုးလာရေးအဖြစ် မြန်မာနိုင်ငံတွင် မော်တော်ယာဉ် တည်ဆောက်ထုတ်လုပ်ရန် စဉ်းစားလျက်ရှိကြောင်း အဆိုပါ ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် တာကာအိုကေတိုက ပြောသည်ဟု ဂျပန်အခြေစိုက် Nikkei Asian Review သတင်းဌာနတွင် ဖော်ပြထားသည်။
ယင်းသည် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ရိုက်ခတ်ခံထားရသည့် ဈေးကွက်တွင်းသို့ ရှေ့ဆက်တိုးရေး၏ လမ်းစဖြစ်သည်ဟုလည်း အဆိုပါ သတင်းဌာနက ရေးသားဖော်ပြသည်။
ကားထုတ်လုပ်သည့် ၎င်း၏ ကုမ္ပဏီတွင် ရှယ်ယာ ၂၀ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ဒေသတွင်းဈေးကွက်ကျွမ်းကျင်သည့် ကုန်သွယ်ရေးလုပ်ငန်းစုဖြစ်သည့် Mitsubishi Corp., နှင့် ပူးပေါင်းဆောင်ရွက်သွားရန် ရည်မှန်းထားသည်ဟုလည်း ကေတိုက ပြောသည်။
သို့ရာတွင် အသေးစိတ်အနေဖြင့် လုပ်ငန်းတည်ဆောက်မည့်အချိန်နှင့် ပုံစံကို ယခုအချိန်ထိ မဆုံးဖြတ်ရသေးကြောင်း ၎င်းက ဆိုသည်။
Mitsubishi Motors သည် ပြီးခဲ့သည့်လနှောင်းပိုင်းက ထုတ်ပြန်ခဲ့သည့် ကာလလတ်အစီအစဉ်တွင် ၎င်းတို့၏ ဈေးကွက်ချဲ့ထွင်ရေးကို အရှေ့တောင်အာရှ ဆယ်နိုင်ငံသို့ ပြန်လည်အဓိကဦးတည်ထားသည်။
အဆိုပါကားထုတ်လုပ်ရေးလုပ်ငန်းသည် ကုမ္ပဏီ၏ ရောင်းချမှု လေးပုံ တစ်ပုံရှိသည့် (အာဆီယံ) ဒေသတွင်းသို့ အရင်းအမြစ်များ ခွဲဝေချထားပေးသွားမည်ဖြစ်သည်။
အဆိုပါ ဂျပန်ကားလုပ်ငန်းသည် လက်ရှိတွင် ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် ကားထုတ်လုပ်ရေး လုပ်ငန်းတစ်ခုစီ ရှိထားပြီးဖြစ်ပြီး ဗီယက်နမ်တွင် ကားထုတ်လုပ်ရေးစက်ရုံတစ်ရုံ ထပ်မံတည်ဆောက်ရန်လည်း စဉ်းစားလျက်ရှိသည်။ မြန်မာနိုင်ငံကိုလည်း အထက်ပါစာရင်းထဲသို့ ထည့်ပေါင်းရန် စီစဉ်နေခြင်းဖြစ်သည်။
ယင်းနောက် ဥရောပနှင့် အခြားအဓိကဒေသများရှိ လုပ်သားအင်အားကို ပြန်လည်လျှော့ချသွားမည်ဖြစ်သည်။ လုပ်သားခန့်အပ်စီမံခြင်းနှင့် လျော်ကြေးပေးအပ်မှုစနစ် သုံးသပ်ချက်များကို ပေါင်းစပ်ပြီးနောက် အဆိုပါကားကုမ္ပဏီသည် ၂၀၂၁ ဘဏ္ဍာနှစ်တွင် ၂၀၁၉ ဘဏ္ဍာနှစ်ထက် အလုပ်သမားစရိတ် ၁၅ ရာခိုင်နှုန်း လျှော့ချနိုင်ရန် ရည်မှန်းထားသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ နောက်ဆုံးထုတ်ပြန်ချက်များအရ ယခုနှစ် ဇွန်လကုန်အထိ မြန်မာနိုင်ငံတွင် အများဆုံးရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံများအနက် ဂျပန်နိုင်ငံက နဝမမြောက် အကြီးဆုံးရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်က မြန်မာ - ဂျပန် ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲကို Video Conferencing ပုံစံပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသည် မြန်မာ - ဂျပန် ရင်းနှီးမြှုပ်နှံမှုကို ပိုမိုခိုင်မာစေရန် ရည်ရွယ်ပြီး မြန်မာ့အကြီးဆုံး ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ဖြစ်လာမည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။
Source : Nikkei Asian Review(Mitsubishi Motors)
0 comments:
Post a Comment