Sunday, August 30, 2020

စစ်တွေ ကိုဗစ်လူနာများအတွက် လိုအပ်ပါက ပြည်နယ်လွှတ်တော်အဆောက်အဦးကိုပါ ယာယီဆေးရုံအဖြစ် သုံးမည်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှ ကိုဗစ်-၁၉ လူနာများအတွက် လိုအပ်ပါက ရခိုင်ပြည်နယ်လွှတ်တော် အဆောက်အဦးကိုပါ အသုံးပြုမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာထံမှ သိရသည်။
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုတွင် စစ်တွေမြို့နယ်မှာ လူနာအများဆုံးဖြစ်ပြီး စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှာကုတင် ၁၀၀ ဆံ့ ဆေးရုံဖြစ်ရာ ရောဂါလက္ခဏာမပြသူများကို စစ်တွေမြို့ရှိ သူနာပြုနှင့်သားဖွား သင်တန်းကျောင်း၊ တိုင်းရင်းဆေးရုံတို့တွင် ကုသပေးနေကြောင်း ရခိုင်ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီး ဌာနထံမှ သိရသည်။
ထို့အပြင် စစ်တွေတက္ကသိုလ်ကို ယာယီဆေးရုံအဖြစ်ပြုလုပ်ရန် စီစဉ်နေပြီး လိုအပ်ပါက ရခိုင်ပြည်နယ် လွှတ် တော်အဆောက်အဦးကိုပါ အသုံးပြုမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ Video Conferencing ဆွေးနွေးပွဲကို သြဂုတ်လ ၃၀ ရက်နေ့က ပြုလုပ်ခဲ့ပြီး ယင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရခိုင်ပြည်နယ်မှ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် ကူးစက်​ရောဂါ တိုက်ဖျက်​ရေးဌာနခွဲမှ ဗဟိုကွင်းဆင်းအဖွဲ့မှ တာဝန်ရှိသူများက အထက်ပါအချက်များကို ထည့်သွင်းဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ထို့ပြင် ပိုးရှိလူနာနှင့် ထိတွေ့ခဲ့သူမိသားစုဝင်နှင့် အခြားထိတွေ့ခဲ့သူ အရေအတွက် များပြားလာ၍ သတ်မှတ်နေရာတွင် အသွားအလာကန့်သတ်ထားရှိရန် လုံလောက်သောနေရာ၊ အဆောက်အဦး၊ ရေ၊ အိမ်သာရရှိရေးနှင့် ကျွေးမွေးရေး၊ စီမံခန့်ခွဲရေးတို့ ခက်ခဲလာခြင်းနှင့် နေရာသစ်များ ထပ်မံရှာဖွေရန် လိုအပ်နေကြောင်းတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ရောဂါရှာဖွေရေးအတွက် ဓာတ်ခွဲစစ်ဆေးစက် GeneXpert စက်များကို စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ မြောက်ဦးနှင့် မောင်တောမြို့နယ်များတွင်ပါ တပ်ဆင်ထားပြီး ဓာတ်ခွဲစစ်ဆေးမှုများ ပိုမိုပြုလုပ်နိုင်ရန် ကျောက်ဖြူမြို့ ပြည်သူ့ဆေးရုံတွင် GeneXpert စက်နှစ်လုံးနှင့် ဆက်စပ်ဓာတ်ခွဲပစ္စည်းများကို ယနေ့ (သြဂုတ်လ ၃၁ ရက်) တွင် ထပ်မံပို့ဆောင်မည်ဖြစ်ပြီး စစ်တွေမြို့နှင့် ကျောက်ဖြူမြို့သို့ Oxygen plant တစ်လုံးစီ အမြန်ဆုံးတပ်ဆင်ပေးရန် စီစဉ်ထားကြောင်းလည်း ဆွေးနွေးခဲ့သည်။
ရခိုင်ပြည်နယ်တွင် သြဂုတ်လ ၁၆ ရက်မှ သြဂုတ်လ ၃၀ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ လူနာ ၃၃၅ ဦး အ ထိရှိပြီး စစ်တွေမြို့နယ်တွင် လူနာ ၂၀၃ ဦး အထိရှိပြီဖြစ်သည်။ တစ်နိုင်ငံလုံးတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ စုစုပေါင်း ၇၇၅ ဦး အထိရှိသည်။
Ref ; The Voice Journal

0 comments:

Post a Comment