Monday, August 31, 2020

ဧရာဝတီတိုင်းဒေသကြီး၌ ဖမ်းမိထားသည့် ဘင်္ဂါလီများတွင် COVID-19 ရောဂါပိုးရှိ မရှိ တို့ဖတ်နမူနာ ရယူစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၌ ဖမ်းမိထားသည့် ဘင်္ဂါလီများတွင် COVID-19 ရောဂါပိုးရှိ မရှိ တို့ဖတ်နမူနာ ရယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဖမ်းမိထားသည့် ဘင်္ဂါလီများထံ တို့ဖတ်နမူနာများကို သြဂုတ် ၃၀ ရက် ညနေပိုင်းတွင် ပေးပို့စစ်ဆေးထားကြောင်း သိရသည်။
“ဆေးစစ်နေပါတယ်။ အကုန်စစ်ပါတယ်။ တရားခံ ခြောက်ယောက်ရော၊ ဘင်္ဂါလီတွေကိုရော စစ်ပါတယ်။ ဖမ်းဆီးရေး ဆောင်ရွက်ခဲ့သူတွေကိုတော့ Quarantine ပဲ ထားသေးတယ်။ သူတို့ကိုတော့ မစစ်သေးဘူး။ သက်ဆိုင်ရာမြို့နယ်မှာ အသွားအလာ ကန့်သတ်ထားပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ကုသရေး/ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင် က အတည်ပြုဖြေကြားသည်။
ဘင်္ဂါလီများကို ထားရှိသည့် နေရာကိုမူ ပြောကြားခွင့်မရှိကြောင်းသာ ဧရာဝတီတိုင်းဒေသကြီး ကုသရေး/ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက ပြန်လည်ဖြေကြားသည်။
တို့ဖတ်နမူနာ ရယူချိန်တွင် ၄င်းဘင်္ဂါလီ ၄၂ ဦးမှာ ကြံခင်းမြို့နယ် ကွန်ချောင်းဆည်သို့ သွားသည့် တောတွင်းတစ်နေရာတွင်ရှိနေပြီး ခရီးသည်တင်ကားပေါ်တွင် ထားရှိထားကာ ရဲတပ်ဖွဲ့က လုံခြုံရေးယူထားသည်ကို တွေ့ရကြောင်း ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ တို့ဖတ်နမူနာ သွားရောက်ရယူရာတွင် လိုက်ပါကူညီခဲ့သည့် မြန်အောင်မြို့ မေတ္တာရှင် သွေးလှူရှင်အသင်းဥက္ကဋ္ဌ ဦးသန်းထွန်းက ပြောကြားသည်။
“ကွန်ချောင်းဆည်ကိုသွားတဲ့ ပုသိမ်-မုံရွာ လမ်းမကြီးကနေ အနောက်ဘက်ကို ဝင်တဲ့တစ်နေရာပါ။ လမ်းမကြီးမှာတော့ မဟုတ်ဘူး။ တောလမ်းမှာ ကားပေါ်မှာပဲ ထားတာပါ။ အခုတော့ နောက်တစ်နေရာ ရွှေ့ပြီလို့ ကြားတယ်။ ကြံခင်းမြို့နယ်အပိုင် ဘက်ရဲအလွန် ဧရာဝတီတိုင်းပိုင်ထဲမှာပဲ။ အဲဒီကို ယာယီရွှေ့ပြောင်းပြီးထားတယ်လို့ သတင်းရတယ်။ ဓါတ်ပုံတွေလည်း တက်လာတာ တွေ့ရတယ်”ဟု ဦးသန်းထွန်းက ပြောကြားသည်။
ထိုသို့ တို့ဖတ်နမူနာ ရယူရာတွင် ဘာသာစကား အခက်အခဲများရှိကြောင်း၊ သို့ရာတွင် ဗမာစကား နားလည်သည့် ဘင်္ဂါလီတစ်ဦးက ဘာသာပြန်ပေးကြောင်း၊ တို့ဖတ်နမူနာများကို ကြံခင်းအဖွဲ့မှ ရန်ကုန်သို့ ပေးပို့ထားကြောင်း ၎င်းကပြောကြားသည်။
''ကျွန်တော်တို့ အခု Home Stay နေနေပါတယ်။ ၄၂ ယောက်ရဲ့အဖြေ Negative လား၊ Positive လားဆိုတာ စောင့်နေပါတယ်။ Negative ဆိုရင်တော့ Q မဝင်ရတော့ဘူးပေါ့။ Positive ဆိုရင်တော့ Q ဝင်ရမယ့် အနေအထားပေါ့”ဟု မြန်အောင်မြို့၊ မေတ္တာရှင် သွေးလှူရှင်အသင်းဥက္ကဋ္ဌ ဦးသန်းထွန်း ကဖြေကြားသည်။
အဆိုပါ ဘင်္ဂါလီ ၄၂ ဦးနှင့် စက်လှေပေါ်တွင် အတူပါလာသူ ငါးဦးအား သြဂုတ် ၂၇ ရက်က မော်လမြိုင်ကျွန်းမြို့နယ် လှိုင်းဘုန်းကျေးရွာအုပ်စုနှင့် ဘိုကလေးမြို့နယ် ကျွန်းသာယာကျေးရွာအုပ်စုအနီး မြစ်အတွင်း၌ ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
Ref ; Eleven

0 comments:

Post a Comment