Saturday, August 29, 2020

ရေကျော် City Mart ဓားထိုးမှု ကျူးလွန်သူမိန်းကလေးကို ပုဒ်မ (၃၂၆ )ဖြင့် အမှုဖွင့်

ရေကျော် City Mart အမျိုးသမီးသန့်စင်ခန်းမှာ အမျိုးသမီးနှစ်ဦး စကားများ ရန်ဖြစ်ရာကနေ ဓားနဲ့ ထိုးခဲ့တဲ့ လူငယ်အမျိုးသမီးကို အပြင်းအထန်နာကျင်စေမှုပုဒ်မ (၃၂၆) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ပုဇွန်တောင်မြို့မရဲစခန်းမှူး ဒုရဲမှူး ဇော်ဇော်က One News ကို ပြောပါတယ်။
အခုအမှုဖွင့်ထားတဲ့ ပုဒ်မဟာ အာမခံ ပေးလို့ မရဘူးလို့ ဒုရဲမှူး ဇော်ဇော်က ပြောပါတယ်။
" ပုဒ်မ (၃၂၆) အမှုနဲ့ အမှုဖွင့်ထားပါတယ်။အပြင်းအထန် နာကျင်စေမှုပေါ့ ။ အာမခံပေးလို့ မရဘူး။ လက်ရှိဖမ်းထားတယ်။ လာမယ့် ရုံးဖွင့်ရက် (တနင်္လာ) နေ့မှာ ချုပ်ရက်ယူမယ် " လို့ ဒုရဲမှူး ဇော်ဇော်က ပြောပါတယ်။
အမှုဖြစ်စဉ်ဟာ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ မိန်းကလေးငယ်က အမျိုးသမီးကြီးကို လည်ပင်းလှီးပြီး ဆွဲ ကြိုးလုယက်တယ်ဆိုတာ မဟုတ်မှန်ဘူးလို့လည်း ဒုရဲမှူး ဇော်ဇော်က ပြောပါတယ်။
ဖြစ်စဉ်အမှန်ကတော့ မနေ့က ညနေ (၃) နာရီလောက်က ပုဇွန်တောင်မြို့နယ် ၊ (၉) ရပ်ကွက်၊ ရေကျော် City Mart အမျိုးသမီး သန့်စင်ခန်းအတွင်း ပုဇွန်တောင်မြို့နယ်နေ အသက် ၆၀ အရွယ် ဒေါ်မူမူဝင်းက "သန့်စင်ခန်း ဘေစင်မှာ တင်ထားတဲ့ ဖုန်းက ဘယ်သူဖုန်းလဲ၊ စည်းကမ်းမရှိဘူး " လို့ ပြောဆိုရာကနေ တောင်ဥက္ကလာပမြို့နယ်နေ အသက် (၂၀) အရွယ် မနှင်းဝတ်ရည်အေးက မကျေနပ်ဖြစ်ပြီး စကားများ ရန်ဖြစ်ခဲ့တယ်လို့ ရဲမှတ်တမ်းတွေ အရ သိရပါတယ်။
ရန်ဖြစ်စဉ်မှာ မနှင်းဝတ်ရည်အေးကနေ အသင့်ပါလာတဲ့ ခဲတံချွန်ခေါက်ဓားနဲ့ ထိုးခဲ့တာလို့ ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။
ဓားနဲ့ အထိုးခံရတဲ့ အမျိုးသမီးကြီးကတော့ လည်ပင်းမှာ ပြတ်ရှဒဏ်ရာတွေ ရရှိပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဌာနမှာ အတွင်းလူနာအနေနဲ့ ကုသမှု ခံယူနေတယ်လို့ သိရပါတယ်။
ကျူးလွန်သူ အမျိုးသမီးငယ်ဟာ သေင်္ဘာသီးထောင်း လိုက်ပို့တဲ့ အလုပ်သမားဖြစ်တယ်လို့ ဒုရဲမှူး ဇော်ဇော်က ပြောပါတယ်။
Ref ; One News Myanmar

0 comments:

Post a Comment