Monday, August 31, 2020

မွန်ပြည်နယ်အတွင်းရှိ ဈေးတွေမှာ Maskတပ်ဖို့အတွက် မကြပ်မတ်နိုင်ပါက ဝန်ထမ်းတွေကိုအရေးယူမည်

မွန်ပြည်နယ်အတွင်းရှိ ဈေးတွေဟာဆိုရင် COVID-19ရောဂါကြောင့် သင်္ကြန်မတိုင်မီကာလအတွင်းက စား သောက်ကုန်ဈေးတွေသာ ဖွင့်ပြီးကျန်တဲ့ဈေးတွေကို ဧပြီလကုန်ထိ ပိတ်ထားခဲ့ရပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ ဖြေလျော့မှုအနေဖြင့်ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာနကညွှန်ကြားချက်နဲ့အညီ ဈေးဆိုင်တွေ၊စားသောက်ကုန်ဈေးတွေကို ဖွင့်လှစ်ရောင်းချခွင့် ပြုထားတာပါ။
အရင်က ဈေးအတွင်း ကျန်းမာရေးဝန်ကြီးဌာနကညွှန်ကြားချက်ကို လိုက်နာမှုရှိပေမယ့် နောက်ပိုင်းမှာတော့ လိုက်နာမှု အားနည်းလာကြောင်း၊ အခုလိုလိုက်နာမှု အားနည်းတဲ့အတွက်အရင်းကသတ်မှတ်ထားတဲ့ပြစ်ဒဏ် တွေအစား ပြစ်ဒဏ်တွေကို ထပ်မံတိုးမြှင့်ထားကြောင်းနဲ့ အခုလို ပြစ်ဒဏ်တွေတိုးမြှင့်ထားတဲ့အပြင် ဈေးတွေမှာ Maskတပ်ဖို့အတွက် မကြပ်မတ်နိုင်ပါက ဝန်ထမ်းတွေကိုပါ အရေးယူသွားမယ်လို့ မွန်ပြည်နယ် အစိုးရ အဖွဲ့မှစည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဦးမင်းကျော်လွင်က ပြောပါတယ်။
``ဈေးတွေမှာ Maskလာတဲ့လူတိုင်း Maskတပ်ဖို့ကြီးကြပ်ဆောင်ရွက်သွားဖို့၊ ကြီးကြပ်မှုအားနည်းတယ်လို့ ရှောင်တခင်ဝင်စစ်လို့တွေ့ခဲ့မယ်ဆိုရင် အဲ့ဒီကြီးကြပ်တဲ့ဝန်ထမ်းကိုအရေးယူဆောင်ရွက်မယ်ဆိုတဲ့အကြောင်း ကို မနေ့က စာထုတ်ထားတယ်၊Social Distancingက လူတိုင်းမှာ တာဝန်ရှိတဲ့အတွက် အဲ့ဒါကို ဆော်ဩသွားပေးဖို့ပေါ့၊ ပြီးလို့ရှိရင် ဗဟိုက ကျန်းမာရေးက ညွှန်ကြားချက်တွေသမ္မတရုံးက ညွှန်ကြားချက်တွေ အားလုံးကို တစ်နေ့ကို (၃)ကြိမ် အနည်းဆုံး လက်ကိုင်အသံချဲ့စက်နဲ့ဆော်ဩပေးဖို့ သက်ဆိုင်ရာက ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ဖို့ ထပ်ပြီးတော့ အမိန့်စာထုတ်ထားတယ်´´လို့ ဝန်ကြီးဦးမင်းကျော်လွင်က ဆိုပါတယ်။
ဒါ့အပြင် ဈေးအတွင်း Maskမတပ်ပဲဝင်ပါကဒဏ်ငွေ (၃၀၀၀)ကျပ် ပေးဆောင်ရမှာဖြစ်ကြောင်း၊ဈေးရောင်းချနေသူတွေအနေဖြင့် Maskမတပ်ပါကပထမအကြိမ် ဆိုင်ခန်းကို (၅)ရက်ပိတ်မှာဖြစ်ပြီးဒုတိယအကြိမ် စည်း ကမ်းမလိုက်နာပါက (၁)လပိတ်မှာဖြစ်ကြောင်းနဲ့ တတိယအကြိမ် မလိုက်နာပါကဈေးဆိုင်တွေကို လုံးဝပိတ်သိမ်းသည် အထိအရေးယူသွားမယ်လို့ သိရပါတယ်။
လက်ရှိဈေးတွေမှာ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေ လိုက်နာနိုင်ဖို့အတွက် ဩဂုတ်လ(၂၄)ရက်နေ့မှ စ တင်ကာ လုပ်ဆောင်နေပြီးဖြစ်ကြောင်း၊ ဈေးအရှေ့တွေမှာလည်း အသိပေးဗီနိုင်တွေ၊ လက်ဆေးနေရာတွေ၊ Hand Gelတွေကို ပြန်ထားရှိဖို့ညွှန်းကြားထားကြောင်းနဲ့ ဈေးအတွင်း ရောင်းချသူတွေ၊ လာရောက်ဝယ်ယူသူတွေကို Maskတပ်ဖို့ အစောင့်တွေထားရှိပြီး စောင့်ကြည့်သွားမှာ ဖြစ်သလို Maskမပါသူတွေကိုလည်း ဈေးအရှေ့မှာ ရောင်းချပေးနိုင်အောင် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
Ref ; Yarmanya Times

0 comments:

Post a Comment