Saturday, August 29, 2020

အိန္ဒိယနိုင်ငံ အိုဒစ်ရှာပြည်နယ်၌ ရေဘေးကြောင့် ၁၂ ဦး သေဆုံး၊ နှစ်ဦး ပျောက်ဆုံး

အိန္ဒိယနိုင်ငံအရှေ့ပိုင်း အိုဒစ်ရှာပြည်နယ်၌ ရေကြီးမှုနှင့်ဆက်စပ်သော ဖြစ်စဉ်များကြောင့် လူ ၁၂ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ တာဝန်ရှိသူများ၏ ပြောကြားချက်အရ ပြည်နယ်အတွင်းရှိ ခရိုင် ၁၀ ခုတွင် ပြည်သူ ၄၀၀၀၀၀ ကျော် ရေ ဘေးသင့်ခဲ့ကြောင်း သိရသည်။
“ဘာဂါ၊ နူပါဒါ၊ ဂျက်ပူ၊ ဘာလက်ဝါနှင့် ဘာဒတ်ခ်ခရိုင်တွေမှာ နေအိမ်ပြိုကျမှုနဲ့ ရေနစ်မြုပ်မှုကြောင့် လူ ငါးဦး သေဆုံးခဲ့ပါတယ်။ အစောပိုင်းက မာယူဘာနီ၊ ခိုနီဟာနဲ့ ဆူဒါဂါခရိုင်မှာ လူခုနှစ်ဦး သေဆုံးခဲ့ပြီး ဘာဂါနဲ့ မာယူဘာနီခရိုင်တွေမှာ လူနှစ်ဦး ပျောက်ဆုံးခဲ့ပါတယ်” ဟု ပြည်နယ် အထူးကယ်ဆယ်ရေးမင်းကြီး ပရာဒိကူးမား ဂျီနာက မီဒီယာများသို့ ပြောကြားခဲ့သည်။
ဒေသန္တရအစိုးရအဖွဲ့က အမျိုးသားဘေးအန္တရာယ်တုံ့ပြန်ရေးတပ်ဖွဲ့၊ ပြည်နယ်ဘေးအန္တရာယ်တုံ့ပြန်ရေး တပ် ဖွဲ့မှ အဖွဲ့ ၁၁ ဖွဲ့အပြင် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများကို ခရိုင် ၁၁ ခုသို့ စေလွှတ်ခဲ့သည်။
“ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ဖို့ ရေဘေးသင့်ဒေသအချို့ကို နောက်ထပ် အမျိုးသားဘေးအန္တရာယ် တုံ့ပြန်ရေးတပ်ဖွဲ့ငါးဖွဲ့ စေလွှတ်ဖို့ ကျွန်တော်တို့ ရည်ရွယ်ထားပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရေကြီးရေလျှံမှုကြောင့် ကျေးရွာ ၅၅၂ ရွာ ရေဘေးသင့်ခဲ့ပြီး နေအိမ် ၂၇၅၇ လုံး ပျက်စီးခဲ့ကြောင်း သိရ သည်။ ဒေသန္တရအစိုးရအဖွဲ့က ရေဘေးသင့်ပြည်သူများအတွက် ယာယီရေဘေးရှောင်စခန်းများ တည် ဆောက်ခဲ့သည်။
ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်မှုကြောင့် ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက်နောက်ပိုင်း အိုဒစ်ရှာပြည်နယ်၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။
Ref ; EPN

0 comments:

Post a Comment