Monday, August 31, 2020

ပိုးတွေ့လူနာတွေ၊ လူနာနဲ့ထိတွေ့သူတွေကို Home Quarantine ထားဖို့ အစီအစဉ်မရှိသေး

ကိုဗစ်-၁၉ ပိုးတွေ့ရှိထားပေမယ့် ရောဂါမပြင်းထန်သူတွေ၊ ပိုးတွေ့လူနာတွေနဲ့ ဆက်စပ်သူတွေကို နေအိမ်မှာပဲ အသွားအလာကန့်သတ်ဖို့ အစီအစဉ်မရှိသေးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ညွန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။
မိသားစုဝင်တစ်ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ပါက အခြားမိသားစုဝင်တွေကို (Facility Quarantine) ကိုမပို့ဘဲ နေအိမ်မှာ အသွားအလာကန့်သတ်ဖို့ မူဝါဒအပြောင်းအလဲကို စဉ်းစားနေပေမယ့် လတ်တလော အခြေအနေအရ အစီအစဉ်မရှိသေးဘူးလို့ သိရပါတယ်။
“ လတ်တေလောအခြေအနေအရ ဒီလိုလုပ်ဖို့ အစီအစဉ်မရှိသေးပါဘူး။ သူများတွေ အကြံပေးတာကို ပြန်ပြီးသုံးသပ်တာမျိုးပဲ ရှိပါသေးတယ်။ ပိုးတွေ့တဲ့လူနာဆိုတာ နေရာဒေသအများကြီးကလာတာ။ အဲဒီလူတွေအ ကုန်လုံးကို အိမ်မှာ ပြန်နေခိုင်းလိုက်ရင် ဘယ်လိုဖြစ်သွားမလဲ။ ပိုးတွေ့တဲ့ မိသားစုဝင်တစ်ယောက်က ဥပမာပေါ့။ တစ်ယောက်က ပိုးတွေ့ပြီး အိမ်ကို ပြန်လာမယ်ဆိုရင် ကျန်တဲ့သူတွေက သူ့ကို အခန်းသီးသန့်ထားနိုင်မှာလား။ ဒါမှမဟုတ် ဘယ်လိုနေရမလဲ။ ရန်ကုန်မှာဆို တိုက်ခန်းတစ်ခုတည်းနေရတာဆိုရင် အဲ့ဒီပိုးတွေ့တဲ့လူကိုထားပြီး ကျန်တဲ့အခန်းတွေက ဘယ်လိုနေကြမလဲ။ လှေကားကတစ်ခုတည်းက တက်နေရတာ။ အဲဒီလိုလူတွေ အများကြီးက ရန်ကုန်မြို့ရဲ့ နေရာအနှံ့အပြားမှာရှိတယ်။ အဲဒီဟာတွေကို ဘယ်လိုစီမံခန့်ခွဲမလဲ။ ဒါတွေက ပိုးပိုပြန့်အောင်လုပ်သလိုမဖြစ်ဘူးးလား။ ဒါကြောင့် အကျိုးနဲ့ အပြစ် အများကြီးစဉ်းစားစရာ ဖြစ်သွားပြီ “ လို့ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။
လူနာနဲ့ ထိတွေ့ဆက်စပ်သူတွေကို နေအိမ်မှာပဲ ကွာရန်တင်းထားဖို့ အစီအစဉ်မရှိသေးသလို ကွာရန်တင်းစင်တာတွေမှာ ၁၄ ရက် ထားပြီး နေအိမ်မှာ ၇ ရက်ထားဖို့လည်း မဖြစ်နိုင်သေးကြောင်း ၊ တကယ်လို့ ပိုးတွေ့လူနာတွေကို တစ်ရပ်ကွက်တည်း၊တစ်နေရာတည်းမှာ တွေ့ခဲ့ရင်တော့ တရုတ်နိုင်ငံမှာကျင့်သုံးသလို အဲဒီနေရာကို ကန့်သတ်လိုက်ပြီး လုံခြုံရေးတွေ ၊ အစားအစာတွေ၊ ဆေးဝါးတွေ ထောက်ပံ့ပေးနိုင်ရင်တော့ ပိုမိုကောင်းမွန်ဖြစ်ကြောင်း၊ လက်ရှိ နိုင်ငံရဲ့ အခြေအနေအရ မဖြစ်နိုင်သေးကြောင်း ဒေါက်တာသန်းနိုင်စိုးက ဆိုပါတယ်။
“ ရန်ကုန်မှာ ရှိတဲ့ လူဦးရေ ၁၀ သန်းလောက်က ကိုယ်ခံအား စနစ်မကောင်းဘူး။ ကွာရန်တင်းရက်လျှော့ပြီး နေအိမ်မှာ ထားဖို့လည်း မဖြစ်နိုင်သေးဘူး။ ဒီနေ့အထိ မူဝါဒကတွေက ဒီအတိုင်းပဲ။ ကျွန်တော်တို့ ဦးတည်ထားတာက ပြည်သူတွေကြားထဲမှာ ရောဂါကူးစက်မှု ကျယ်ကျယ်ပြန့်ပြန့်မဖြစ်ဖို့၊နောက်ဆက်တွဲ ဆိုးကျိုးတွေ မခံစားရဖို့ပါ။” လို့ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။
လတ်တလောမှာ ပြည်တွင်းကူးစက်မှု အများဆုံးဖြစ်နေတဲ့ ရခိုင်ပြည်နယ်က ပြန်လာသူတွေကိုတော့ ကွာရန်တင်းစင်တာတွေမှာ အသွားအလာကန့်သတ်စောင့်ကြည့်မှုတွေ ပြုလုပ်နေပြီး တိုင်းနဲ့ ပြည်နယ်အသီးသီးကနေ ရခိုင်ပြည်နယ်ကို လေကြောင်းခရီးနဲ့ အသွားအလာရှိခဲ့သူ ၅၇၀၀ကျော်ရှိတဲ့အနက် ၅၄၀၀ ကျော်က ရန်ကုန်တိုင်းက ဖြစ်တယ်လို့လည်းသိရပါတယ်။
Ref ; Duwun

0 comments:

Post a Comment