Saturday, August 29, 2020

ရခိုင်ဒေသကို ခရီးသွားခဲ့သူတွေ ကျန်းမာရေးဌာနကို ဆက်သွယ်ဖို့ အစိုးရ ပြော

ရခိုင်ပြည်နယ်ကနေ လေယာဉ်စီးပြီး အခြားတိုင်းနဲ့ ပြည်နယ်တွေကို သွားရောက်သူ သြဂုတ် ၁၀ ရက် နေ့ကနေ ၂၇ ရက်နေ့အထိ ၂ ပတ်ကျော်ကာလအတွင်း လူ ၅၇၀၀ ကျော်ရှိပါတယ်။
အဲဒီအထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ပါလာနိုင်တာကြောင့် ရခိုင်ဒေသကို ခရီးသွားရာဇဝင် ရှိသူတွေအနေနဲ့ နီးစပ်ရာ ကျန်းမာရေးဌာနကို အကြောင်းကြားဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တိုက်တွန်းထားပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး နေပြည် တော်မှာ မနေ့က ကျင်းပတဲ့ ပြည်ထောင်စု၊ ရခိုင်နဲ့ အခြားတိုင်းနဲ့ ပြည်နယ် ကျန်းမာရေးကဏ္ဍ တာဝန်ရှိသူတွေ တွေ့ဆုံပွဲမှာ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ သြဂုတ် ၁၆ ရက်နေ့ကနေ့ ဒီနေ့မနက်အထိ ၂၃၈ ဦး ရှိပါတယ်။ အခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း စစ်တွေမြို့ကို ခရီးသွားရာဇဝင်ရှိသူတွေထံကနေ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိသူ ခြောက်ဦး မနေ့ကအထိတွေ့ရှိထားတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
သြဂုတ် ၁၆ ရက် နောက်ပိုင်း ရခိုင်မှာတွေရတဲ့ ကိုရိုနာဗိုင်းရပ်စ် လူနာတွေမှာ ရောဂါလက္ခဏာ တစ်စုံတစ်ရာမပြဘဲ အမြင်အားဖြင့် ကျန်းမာရေးကောင်းသူတွေ ၇၉% အထိရှိနေတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ရောဂါပိုးရှိသူတွေဟာ ပတ်ဝန်းကျင်မှာရှိနေနိုင်တာကြောင့် လူစုလူဝေးရှောင်ဖို့၊ ရခိုင်ပြည် နယ်ကို ခရီးသွားရာဇဝင် ရှိတဲ့လူတွေကိုတွေ့ရင် သက်ဆိုင်ရာကို အကြောင်းကြားပေးဖို့ကိုလည်း ဝန်ကြီးဦးမြင့်ထွေးက တိုက်တွန်းထားပါတယ်။
ကူးစက်မှုတွေ နိုင်ငံအတွင်း ထပ်မဖြစ်စေဖို့အတွက် ရောဂါထိန်းချုပ်ရေးလုပ်ငန်းတွေကို ပုံမှန်ထက် ၂ ဆ ဆောင်ရွက်သွားမယ်လို့လည်း ဝန်ကြီး ဦးမြင့်ထွေးက ပြောဆိုထားပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ဒီနေ့မနက်ပိုင်းအထိ ၆၅၆ ဦးရှိသွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Ref ; RFA

0 comments:

Post a Comment