Monday, August 31, 2020

ကယားဝန်ကြီးချုပ်ကို တရုတ်သတ္တုသန့်စင်စက်ရုံ၊ ဗိုလ်ချုပ်ကြေးရုပ် ကိစ္စအပါအဝင် ငွေကြေးသုံးစွဲမှုကိစ္စ စစ်ဆေးပေးရန် အရပ်ဘက်အဖွဲ့ ၂၃ ခုတောင်းဆို

ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို အခြေခံဥပဒေ ချိုးဖောက်သည်ဟုဆိုကာ ပြည်နယ်လွှတ် တော်က စုံစမ်းစစ်ဆေးနေစဉ်တရုတ် သတ္တုသန့်စင်ရေးစက်ရုံ တည်ဆောက်ခြင်း၊ ဗိုလ်ချုပ်ကြေးရုပ်နှင့် ပန်းစိုက်ပျိုးသည့် ကိစ္စများတွင် သုံးစွဲခဲ့သော ငွေကြေးကိစ္စရပ်များကို ထပ်မံစစ်ဆေးပေးရန်အတွက် အရပ်ဘက်အဖွဲ့အစည်း ၂၃ ဖွဲ့က ပြည်နယ်လွှတ်တော်နှင့် ပြည်နယ် အစိုးရအဖွဲ့ထံသို့ ယနေ့ အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ကြောင်း ကယန်းမျိုးဆက်လူငယ်အဖွဲ့ ဥက္ကဋ္ဌ ခွန်းဘားနဒ်ဘုတ်ကပြောဆိုသည်။
အဆိုပါ အိတ်ဖွင့်ပေးစာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုးအားအများပြည်သူသိရှိနိုင်ရန်အတွက် ငွေကြေးစီမံခန့်ခွဲမှု ပွင့်လင်းမြင်သာမှုမရှိသော သတ္တုစက်ရုံ တည်ဆောက်ခြင်းနှင့် စက်မှုဇုန် စီမံခန့်ခွဲလုပ် ဆောင်ခြင်း၊ ပန်းဥယျာဉ်မြေယာရှုခင်းလုပ်ငန်း၊ ဘာသာရေးဆိုင်ရာ အလှူအဒါန်း ပြုလုပ်မှုနှင့် တိုင်းရင်း သားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များ ထံထောက်ပံ့ငွေ ပေးအပ်ခြင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ ခရီးစဉ်တိုင်းတွင် ပေးဝေသော ငွေကြေးဆိုင်ရာ ကိစ္စ၊ ကန္တာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်ကြေးရုပ် တည်ဆောက်ခြင်းနှင့် ပန်းအလှဆင်ခြင်း လုပ်ငန်းအကြောင်းအရာများကိုပါ စုံစမ်း စစ်ဆေးရန် တိုက်တွန်းတောင်းဆို သည်ဟု ဖော်ပြထားသည်။
“ ဝန်ကြီးချုပ်က သူသွားတဲ့ ခရီးတိုင်း ငွေကြေးပေးတာကိုတော့ မဆိုလိုဘူး။ ဒါပေမယ့် ဒီနောက်ပိုင်းတွေမှာ သူသွားတဲ့ ခရီးတော်တော်များများတွေမှာ အဲလို ထောက်ပံ့ငွေပေးတာတွေက များလာတယ်ပေါ့။ အဲတာတွေနဲ့ ပတ်သက်ပြီးတော့ပေါ့။ သတ္တုသန့်စင်ရေး စက်ရုံကိစ္စကတော့ ဒီကိစ္စတွေက အကြီးစားစီမံကိန်းတွေထဲမှာပါတယ်။ အဲလို အကြီးစား စီမံကိန်းတွေကို ဘယ်လို သဘောတူညီချက်တွေနဲ့ လုပ်ခဲ့လဲ။ ဘယ်လိုဖြစ်စဉ်တွေနဲ့ အဆင့်ဆင့်ပေါ့။ ပြည်ထောင်စုကနေ ပြည်နယ်အထိ ဘယ်လိုအဆင့်ဆင့် ခွင့်ပြုချက်တွေယူခဲ့လဲဆိုတာကို ရှင်းရှင်းလင်းလင်း လူထုတွေကို မချပြတဲ့အတွက်ကြောင့် အဲကိစ္စကိုပါစဉ်းစားသင့်တယ်လို့ထင်တယ်။ ဒါကအကြီးစား စီမံကိန်းထဲမှာပါတယ်။ နောက် ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးနဲ့ ချိတ်ဆက်မယ်ဆိုရင် ဒီလိုမျိုးငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဆွေးနွေးနေတဲ့ကာလမှာ အကြီးစားစီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ မဖော်ဖို့ဆိုတဲ့ သဘောတးညီချက်ကလည်း ဒီပြည်နယ်အဆင့် သဘောတူညီ လက်မှတ်ရေးထိုးတဲ့ထဲမှာ KNPP နဲ့ အစိုးရကြားမှာ အဲတာကလည်းရှိနေတယ်ပေါ့။ အဲတာတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုးဖော်ဆောင်နေလည်းဆိုတာ လူထုကသိပိုင်ခွင့်ရှိတယ်လို့ မြင်တယ်။ ကျွန်တော်တို့က ဒေသရဲ့ ဖွံ့ဖြိုးရေး လမ်းပန်းဆက်သွယ်ရေး ပညာ ရေး၊ ကျန်းမာရေး အကုန်လုံးကို ကျွန်တော်တို့ကြည့်မယ်ဆိုရင် ဦးစားပေးလုပ်ကိုင်ရမယ့်ဟာတွကေ အရမ်းများတာပေါ့။ အရမ်းများတော့ အဲ့ဒါတွေ သုံးစွဲတဲ့အပေါ်မှာ၎င်းက ဘယ်လိုသုံးစွဲလည်းဆိုတာကျွန်တော်တို့ သိပိုင်ခွင့်ရှိတယ်လို့ ကျွန်တော်တို့မြင်တယ်။ ဒါတွေအကုန်လုံးကို ခြုံပြီးမှ ဘယ်လိုမျိုး စီမံခန့်ခွဲတာ သိဖို့ ကျွန်တော်တို့က ပွင့်ပွင့်လင်းလင်း ချပြခိုင်းတာပေါ့” ဟု ၎င်းကပြောဆိုသည်။
ထိုသို့ ပြည်နယ် ဝန်ကြီးချုပ်အား စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ လွှတ်တော် လုပ်ထုံးလုပ်နည်းများနှင့် အညီလုပ်ဆောင်နေခြင်းအပေါ် ကြိုဆိုကြောင်း လွှတ်တော်ပိုင်းဆိုင်ရာအပြင် အနိုင်ရပါတီ ဗဟိုကပါ အဆိုပါကိစ္စများနှင့် ပတ်သက်ပြီး ဝိုင်းဝန်းဖြေရှင်းမည်ဆိုလျှင် လူထုကြား ပွင့်လင်းသည့်အဖြေတစ်ခုရရှိမည်ဟု မျှော်လင့်ကြောင်း ခွန်းဘားနဒ်ဘုတ်က ဆက်လက်ပြောဆိုသည်။
“ ကျွန်တော်တို့က ဒီမိုကရေစီ အကူးအပြောင်းကာလမှ ာလွှတ်တော်က လုပ်ထုံးလုပ်နည်းများနဲ့အညီလုပ်ဆောင်တာကို ကြိုဆိုတယ်။ လူထုကြားနဲ့ လူမှုအဖွဲ့အစည်းကြားဖြစ်ပျက်နေတဲ့အမှုတွေကို စုံစမ်းစစ်ဆေး ဖို့လိုတယ်ဆိုတဲ့ စဉ်းစားချက်နဲ့ ဒီမိုကရေစီရဲ့ အပြန်အလှန် ထိန်းညှိမှုအပြင် ပွင့်လင်းမြင်သားမှုကိုဖော်ဆောင် ပေးဖို့ အဓိကပို့ခဲ့တာပေါ့။ စုံစမ်းစစ်ဆေးရေးအဖွဲ့က ဖွဲ့ထားပြီးသားဖြစ်တယ်ပေါ့။ ဝန်ကြီးချုပ်က ဆင့်ခေါ်တဲ့အချိန်မှာ မလာဘဲနဲ့ ကိုယ်စားပဲလွှတ်တယ်ပေါ့။ အဲလိုကိုယ်စားပဲလွှတ်တယ်ဆိုတဲ့အပေါ်မှာ ကျွန်တော်တို့က သဘောမတွေ့ဘူး။ ကျွန်တော်တို့က အခုလို သဘောထားထုတ်ပြန်တာကို သူတို့က ဘယ်လောက်ထိ လေးစားလဲ၊ မလေးစားဘူးဆိုတာကိုတော့ ကျွန်တော်တို့ စောင့်ကြည့်ရမှာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ ပြည်နယ်မှ မဟုတ်ဘူးပေါ့။ အနိုင်ရပါတီဖြစ်တဲ့ ပါတီဗဟိုကပါ။ ဝိုင်းဝန်းပြီးမှ ဒီကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ဖြေရှင်းဖို့ ခွန်အားပေးမယ်ဆိုရင်တော့ ကျွန်တော်တို့ လူထုကြားမှာ ရှင်းလင်းတဲ့အဖြေတစ်ခုတော့ ရမယ်လို့ အဲလိုပဲ မျှော်လင့်တယ်” ဟု ၎င်းကပြောဆိုသည်။
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် အခြေခံဥပဒေ ချိုးဖောက်သည်ဟုဆိုကာ ကယားပြည် နယ်လွှတ်တော်က ဩဂုတ်လ ၁၄ ရက်နေ့တွင် အဖွဲ့ဝင် ၅ဦးပါဝင်သည့် စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ကာစစ်ဆေး မှုများ ပြုလုပ်နေခြင်းဖြစ်သည်။
Ref ; Khit Thit Media

0 comments:

Post a Comment