မနေ့က အရင်စာတွေလို ဖွဲ့ဖွဲ့နွဲ့နွဲ့ ရှည်ရှည်ဝေးဝေးမရေးဘဲ ကိုဗစ်နဲ့ ပက်သက်ပြီး ဒဲ့ရေးလိုက်တာ ဆူညံပွက်ပြီး ဆဲကြဆိုကြပေါ့ဗျာ။ မျှော်လင့်ပြီးသားပါ။ စာရှည်ရင် မဖတ်ကြမှာစိုးလို့ တမင်ဒဲ့ တိုတိုနဲ့ ကြမ်းကြမ်းရေးတာပါ။ ဖြစ်သင့်တာ တစ်ခုကို ရေးတဲ့ သဘောပါပဲ...
ကွာရန်တင်းတွေ နိုင်ငံတကာလို ၂ ပတ်ပဲထားဖို့၊ မလိုအပ်တဲ့ FQ တွေလျှော့ဖို့၊ အိမ်တွေမှာ အခြေအနေပေးရင် အဖြစ်နိုင်ဆုံး HQ ထားဖို့၊ ဘာရောဂါ လက္ခဏာမှမရှိတဲ့ ပိုးတွေ့လူနာအကောင်းကြီးတွေကို ဆေးရုံမတင်ပဲ FQ ထားသင့်တယ်ဆိုတဲ့ ကိစ္စတွေပါ။ ဒီလိုတွေပဲ ဖြစ်သင့်တယ်။ နိုင်ငံတကာမှာလဲ ဒီလိုပဲ လုပ်ကြတယ်ဆိုတာ အများစုက သိပြီးသားပါ။ ဒီလိုပဲ ရေရှည်ဆက်သွားရမယ်၊ အခု လုပ်နေတဲ့ ပေါ်လစီ တချို့ကို ပြောင်းလဲသင့်နေပြီလို့ ဆရာဝန်အများစုထဲမှာ ဆွေးနွေးနေကြတာဟာလဲ အချိန်တောင် အတော်ကြာနေပါပြီ။
မနေ့ကရေးတဲ့ ပို့စ်ဟာ ဆရာဝန်အများစု ဖြစ်စေချင်နေကြတဲ့ အသံဆိုရင်လဲ မမှားပါဘူး။ ဆရာဝန် အုပ်စုတွေ ဆိုရှယ်မီဒီယာမှာ ဆွေးနွေးကြပြီးသားပါ။ ပေါ်လစီချမှတ်သူတွေကတော့ နိုင်ငံရေးပါ ထဲ့စဉ်းစားပါတယ်။ ဆရာဝန်က နည်းပညာပိုင်းကိုပဲ စဉ်းစားပါတယ်။ ဒါပဲ ကွာပါတယ်။
ဘာလို့ ဒီလိုစဉ်းစားလာရတယ်ဆိုတာ ဒီနေ့တော့ ကျယ်ကျယ်လေး ပြောပြဖို့ စိတ်ကူးတာပဲ။
အရေးအကြီးဆုံးကတော့ ကိုဗစ်ဟာ SARS ဆားရ်လို မြန်မြန်မပြီးနိုင်တော့ဘူးလို့ လက်ခံလာကြရပါတယ်။ WHO နဲ့ ကမ္ဘာ့ထိပ်တန်း ဦးဆောင်နိုင်ငံတွေကလဲ ကိုဗစ်နဲ့ ရေရှည် အဆင်ပြေပြေနေနိုင်ရေးကိုပဲ ဦးစားပေး စဉ်းစားလာပါပြီ။ ကိုဗစ်ကင်းစင် ကမ္ဘာတခွင် မဖြစ်နိုင်မှန်း သဘောပေါက်ကုန်ကြပါပြီ။ ကိုဗစ်ကင်းစင်မှ စီးပွါးရေးတွေ အလုပ်တွေ စရအောင်လို့ မျှော်လင့်ပြီး ထိုင်စောင့်နေလို့ မရတော့ဘူးဆိုတာ သဘောပေါက်လက်ခံလာကြပါပြီ။
နောက်တစ်ခုက ကိုဗစ်ရဲ့ မျိုးရိုးဗီစ ပြောင်းလဲမှုပါ။ ဗိုင်းရပ်စ်ရဲ့ ပရိုတင်း တစ်မျိုးပြောင်းလဲသွားတာကြောင့် ကူးစက်နှုန်းက ဆယ်ဆတက်လာပေမယ့် ပြင်းထန်မှုက လျော့ကျသွားပါတယ်။ ကမ္ဘာမှာလဲ အသေအပျောက်နည်းသွားပါတယ်။ ဆရာဝန်တွေ ကုတာတော်လို့မဟုတ်ပါဘူး။ ဗိုင်းရပ်စ်ရဲ့ မျိုးရိုးဗီစ ပြောင်းလဲမှုကြောင့်ပါ။
အခု မြန်မာနိုင်ငံမှာလဲ နောက်ထွက်တဲ့ ဗီစပြောင်း ဗိုင်းရပ်စ်ကို တွေ့နေရတာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆေးသုတေသနက တရားဝင်ပြောပြီးပါပြီ။
အရင် ပြင်းထန်တဲ့ ဗိုင်းရပ်စ်က ကမ္ဘာတဝှမ်းမရှိသလောက်ဖြစ်သွားပါပြီ။ အခု မြန်မာပြည်မှာ ဒီရက်ပိုင်း ပိုးတွေ့လူနာတွေရဲ့ ၇၅% ဟာ ဘာရောဂါလက္ခဏာမှ မရှိဘူးလို့ ဒေါက်တာခင်ခင်ကြီးက အင်တာဗျူးမှာ ပြောပြီးပါပြီ။
ဆိုလိုတာက ပိုးတွေ့သူ သုံးပုံနှစ်ပုံဟာ နှာစေးချောင်းဆိုး ဖျားတာလေးတောင် ရှိမနေပါဘူး။ ထိတွေ့ဆက်စပ်တဲ့ ရာဇဝင်ရှိလို့သာ စစ်ရင်းတွေ့တာပါ။ နေမကောင်းလို့ လာပြတဲ့ လူနာတွေ မဟုတ်ပါဘူး။ ကျန်တဲ့ သုံးပုံတစ်ပုံကတော့ ဖျားတာ ၊ အနံ့မရတာ၊ နှာစေးချောင်းဆိုး ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် ဆိုးဆိုးရွားရွား အထူးကြပ်မတ်ခန်းထဲထဲ့ပြီး အသက်ရှူစက်တင်ထားရတဲ့လူနာ အခုအချိန်အထိ ရခိုင်မှာတစ်ယောက်မှ မရှိသေးပါဘူး။
ဒီအချက်တွေကြောင့် ဗီစပြောင်းတဲ့ ကိုဗစ်ပိုးအသစ်ဟာ သိပ်မပြင်းထန်ဘူးဆိုတာ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဆက်တော့ လေ့လာရမှာပါ။
အဲ့တော့ ဒီနှာစေးချောင်းဆိုးတောင် မဖြစ်တဲ့ လူနာတွေကို ပိုးတွေ့ရုံနဲ့ ဆေးရုံတင်ထားမလားဆိုတာ စဉ်းစားစရာ ဖြစ်နေပါပြီ။ အဲ့လူနာတွေကို စီဗစ်လောက်ကလွဲပြီး ဘာဆေးမှလဲ တိုက်စရာမလိုပါဘူး။ သူ့ ကိုယ်ခံအားနဲ့သူ ပြန်ကောင်းမယ့်သူက အများစုပါ။
ကျန်တဲ့ ဖျားနေတဲ့သူတွေကတော့ ပါရာစီတမော တိုက်ရပါမယ်။ ဗိုင်းရပ်စ်ရောပါဆိုတာ တခြားရောဂါနဲ့ အခြေခံ သိပ်မတူပါဘူး။ ကိုယ်ခံအားကောင်းရင် သူ့အလိုလိုပျောက်တဲ့ရောဂါပါ။ တုပ်ကွေးဟာလဲ ဗိုင်းရပ်စ်ပါပဲ။ တုပ်ကွေးဖြစ်ရင် ဒီလိုပဲ အကိုက်အခဲပျောက်ဆေးလေးထိုးပြီး လေးငါးရက်ဆို ကောင်းသွားကြတာပဲ မဟုတ်လား။ ဒီသဘောပါပဲ။
လွန်ခဲ့သော လေးငါးနှစ်က ကြက်ဌက်တုပ်ကွေးဆိုပြီး မြန်မာပြည်မှာ အကြီးအကျယ်ကြောက်လန့်ခဲ့ကြပေမယ့် အခုတော့ ဘယ်သူမှ မကြောက်ကြတော့ဘူး မဟုတ်လား။ H1N1 ဆိုတဲ့ ဗိုင်းရပ်စ်က အခုလဲ ရှိနေတာပဲလေ။ လူတွေလဲ သတိရကြအုန်းမယ် ထင်ပါတယ်။ ကိုဗစ်လဲ အချိန်တန်ရင် ဒီလိုပဲ ဖြစ်ရမှာပါပဲ။
အဲ့တော့ ပြောချင်တာက ရခိုင်မှာ စစ်တွေကလွဲလို့ ကျန်တဲ့ ပေါက်တော၊ ပလက်ဝ၊ ဂွ ၊ ဘူးသီးတောင် အကုန်နီးပါးဟာ ၂၅ ကုတင်ဆန့် မြို့နယ်ဆေးရုံလေးတွေ။ ဆရာဝန်ကလဲ တစ်ယောက်နှစ်ယောက်ပဲ ရှိတယ်။ ဒီလို ဆေးရုံလေးတွေမှာ ရှိသမျှ ပိုးတွေ့လူနာအကောင်းတွေကို ဆေးရုံတင်တာဟာ လက်တွေ့ကျပါ့မလား စဉ်းစားရပါမယ်။ တနိုင်ငံလုံး အနေနဲ့လဲ စဉ်းစားရပါမယ်။
ရန်ကုန်တောင် ကိုဗစ်လူနာ သုံးလေးရာပဲ ထားနိုင်တာပါ။ ပိုးအသစ်က ကူးတာမြန်လို့ လူနာတွေ များလာရင်၊ ဓါတ်ခွဲခန်းတွေက ပိုစစ်နိုင်လို့ ပိုတွေ့လာရင် ဘာရောဂါလက္ခဏာမှ မရှိတဲ့ လူကောင်းတွေကို သွေးပေါင်တိုင်းရုံ၊ အောက်စီဂျင်တနေ့ နှစ်ခါလောက်တိုင်းဖို့ ဆေးရုံတင်တဲ့ ပေါ်လစီဟာ တွက်ခြေကိုက်ပါ့မလား ပြန်စဉ်းစားသင့်ပါပြီ။
နိုင်ငံတကာမှာ ဆေးရုံကုတင် တစ်ခုရဲ့ တနေ့တာ ကုန်ကျစရိတ်ဟာ မနည်းပါဘူး။ ဒီမှာလဲ အပြင်ပုဂ္ဂလိကဆေးရုံဆိုရင် တရက်ကုန်ကျစရိတ်ဘယ်လောက်ရှိလဲ လူတွေ သိကြပါတယ်။ အစိုးရဆေးရုံ ကုတင်ကိုလဲ အကျိုးရှိရှိပဲ အသုံးချရပါမယ်။ နိုင်ငံတော်က ပိုက်ဆံစိုက်ထုတ်ထားရတာပါ။ အဲ့ဒီတော့ ပိုးတွေ့သော်လဲ ကောင်းနေတဲ့ လူနာတွေကို FQ ထားဖို့ စဉ်းစားသင့်ပါပြီ။ တကယ်ရောဂါလက္ခဏာရှိပြီး ကုသမှုလိုတဲ့ လူနာကိုသာ ဆေးရုံတင်သင့်ပါတယ်။ ဒါဟာ ရှိတဲ့ အရင်းအမြစ်ကို အလဟသ မဖြစ်စေဘဲ အသုံးချတဲ့နည်းပါပဲ။
ဒါမှလဲ ကျန်းမာရေးဝန်ထမ်းတွေက တကယ်လိုအပ်သူကို တကယ် ဖိဖိစီးစီးလုပ်နိုင်မှာပါ။ ပိုးမတွေ့ရင်လဲ မြန်မြန်အိမ်ပေးပြန်သင့်ပါတယ်။ အရင်က ပြန်ကောင်းလို့ ပိုးမတွေ့တော့တာတောင် ဖောင်ကြီးမှာ ကွာရန်တင်း ထပ်ဝင်ခိုင်းပါတယ်။
အဲ့တာကြောင့် တခါပိုးတွေ့ ရင် အချိန် နှစ်လလောက် ကုန်နေတာပါ။ ဒါဟာ ရေရှည်မှာ ခြေကုန်လက်ပန်းကျနိုင်ပါတယ်။
ကွာရန်တင်းဆိုလဲ အတူတူပါပဲ။ ဘာလို့ ကျွန်တော်တို့က နိုင်ငံတကာထက်ပိုကဲနေလဲ စဉ်းစားလို့မရပါဘူး။ တိုင်းပြည်အတွက် အလုပ်လုပ်မယ့် လူကောင်းတွေ တစ်လတိတိ အချိန်ဖြုန်းနေရတာဟာ မ ဖြစ်သင့်ပါဘူး။ သူများနည်းတူ နှစ်ပတ်ပဲဖြစ်သင့်ပါတယ်။ ကွားရန်တင်းနေရမယ့်သူရဲ့ နေအိမ်အခြေအနေနဲ့ ပညာရေချိန်၊ လိုက်နာနိုင်မှုရှိရင် အိမ်မှာပဲ HQ လုပ်ခြင်းအားဖြင့် တိုင်းပြည်ရဲ့ ပိုက်ဆံကို အများကြီး ချွေတာရာရောက်ပါတယ်။ ကွာရန်တင်းဝင်မယ့်သူအတွက်လဲ လူမှုရေး အဆင်ပြေပါတယ်။ ရပ်ကွက်က ကူညီဖို့ မခွဲခြားဖို့ တရားခံလို မဆက်ဆံဖို့လိုပါတယ်။
အခုက လူတွေက ပိုးတွေ့ပြီဆိုတာနဲ့ လူနာကိုရော၊ သူ့မိသားစုကိုပါ ဖယ်ကျဉ်ပြီး ကိုယ့်ရပ်ကွက်ထဲ မရှိစေချင်တာနဲ့ အတင်း FQ ပို့နေသလို ဖြစ်နေပါတယ်။ တကယ့်ရောဂါထက် လူမှုရေးပြဿနာကြီးလို ဖြစ်လာပါတယ်။
ပိုးတွေ့သူနဲ့ ပက်သက်သမျှ ကိုယ်ရေးအချက်အလက်တွေကို ဆိုရှယ်မီဒီယာပေါ်တင်ကြပြီး ရှောင်ကြလော့ ရှားကြလော့ဆိုပြီး လုပ်နေကြတာပါ။ ပေါ်လစီက FQ များများလုပ်လေ ရှောင်ကြ ရှားကြလော့ဆိုတဲ့ ဖယ်ကျဉ်မှုက များလေနဲ့ သံသရာလည်နေတာပါ။
အခု လူတွေက ပိုးကူးမှာထက် ပိုးတွေ့ရင် ကြုံတွေ့ရမယ့် ခွဲခြားဆက်ဆံခံရမှု၊ ရှည်လျားရှုပ်ထွေးလှတဲ့ ကွာရန်တင်းကို ပိုကြောက်နေရတာပါ။ ပေါ်လစီ ချမှတ်သူများ ကိုယ်တိုင်က ဒီ ခွဲခြားမှုတွေဆီရောက်အောင် တွန်းမပို့ဖို့ လိုပါတယ်။
ကျွန်တော်တို့ဟာ ကိုဗစ်နဲ့ အတူတူနေဖို့ ကျွန်တော်တို့ စိတ်ကို ပြင်ဆင်ရပါတော့မယ်။ ကိုဗစ်ကင်းစင် မြန်ပြည်တခွင်ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ကိုဗစ်ကြီး ပြီးမှဆိုတဲ့ အတွေးတွေကိုလဲ ဖျောက်သင့်ပါပြီ။
အလုပ်ဆက်လုပ်ကြရပါမယ်။ ကျောင်းတွေ ဖွင့်ဖို့လဲ ကြိုးစားကြရပါမယ်။ နိုင်ငံတကာ ခရီးတွေ သူများဖွင့်ရင် ကိုယ်လဲ ဖွင့်ရပါမယ်။ ကြောက်တယ် လုပ်နေလို့ မဖြစ်ပါဘူး။
ဆေးရုံတွေလဲ ကိုဗစ်တစ်ခုထဲနဲ့ အလုပ်ရှုပ်မနေဘဲ ပုံမှန်လည်ပတ်နိုင်အောင် ပြန်လုပ်ကြရပါမယ်။ အခုက ကိုဗစ်တခုကိုပဲ အာရုံစိုက်လွန်းတာကြောင့် ကျန်တဲ့ လူနာတွေမှာ နစ်နာမှုတွေ အများကြီးရှိပါတယ်။ ကိုဗစ်က တရားဝင် ၆ ယောက်ပဲ အသက်ဆုံးထားပေမယ့် ကိုဗစ်ကြောင့် ဆရာဝန်တွေကို ကိုဗစ်အတွက် ဂျူတီတွေ ချထားတာကြောင့် ဆေးရုံတွေမှာ ပုံမှန်မလည်ပတ်နိုင်တာကြောင့် ကင်ဆာရောဂါနဲ့ တခြားလူနာအများအပြား စောင့်ဆိုင်းနေကြရပါတယ်။ ခရီးသွားလာဖို့ မလွယ်တာကြောင့် အသက်ဆုံးရှုံမှုတွေ ရှိနေမှာလဲ မလွဲပါဘူး။
ကိုဗစ်ကြောင့် ကိုဗစ်မဟုတ်တဲ့ ပုံမှန်လူနာတွေ အသက်ဆုံးရှုံးရမှုဟာ ကိုဗစ်ထက် အများကြီးများပါလိမ့်မယ်။ ဒါတွေကို ရေရှည်မှာ သေချာစဉ်းစားကြဖို့ လိုပါလိမ့်မယ်။
မနေ့ကညနေကပဲ ဝမ်းသာစရာ သတင်းစကားတွေတော့ ကြားးပါတယ်။ ကွာရန်တင်းလျော့ဖို့၊ ဆေးရုံတင်တဲ့ ပေါ်လစီကို ပြန်သုံးသပ်ဖို့ ဆရာဝန်ကြီးတွေရဲ့ အကြံပြုချက်တွေကို နေပြည်တော်က သဘောတူပြီး မကြာခင် ပိုမိုမှန်ကန်တဲ့ ဆုံဖြတ်ချက်တွေ ထွက်ပေါ်လာစရာ ရှိနေတာကိုပါပဲ။ အရင်းအမြစ်တွေကို မပြုန်းတီးစေပဲ သေသေချာချာ စစ်စစ်စီစီ အသုံချဖို့ လိုနေပါပြီ။
လူတွေကိုလဲ အကြောက်တရားကို ဦးမတည်ပဲ ကိုဗစ်နဲ့အတူ နေနိုင်အောင် အစိုးရက တင်းကျပ်တဲ့ ကွားရန်တင်း ပေါ်လစီကို လျော့ပေးပြီး ရေရှည် အလုပ်မပျက်ဘဲ အဆင်ပြေအောင် လုပ်ပေးဖို့ လိုပါပြီ။
အခု ပို့စ်ကနေ မနေ့က ကျွန်တော် ဘာကိုပြောချင်တာလဲ နားလည်နိုင်ပါလိမ့်မယ်။
crd-drmyothetaung #Myanmar_Online_News
0 comments:
Post a Comment