Saturday, August 29, 2020

သီပေါမြို့နယ်တွင် ပြည်ပမှ ပြန်လာ၍ နေအိမ်၌ အသွားအလာကန့်သတ်ထားသူ၏ မိခင်မှာ ကွယ်လွန်သွား၍ မိသားစုဝင်များကို Covid-19 ဓါတ်ခွဲနမူနာ ရယူထား

ရှမ်းပြည်နယ်( မြောက်ပိုင်း ) သီပေါမြို့နယ် မန်ကောင်းကျေးရွာတွင် ပြည်ပမှ ပြန်လာသဖြင့် ကျန်းမာရေး စောင့်ကြည့်ရန် နေအိမ်အသွားအလာ ကန့်သတ်ထားသူ (၂)ဦး၏ မိခင်ဖြစ်သူသည် သြဂုတ်လ (၂၉)ရက်က သေဆုံးသွားသည့်အတွက် PPE အကာအကွယ်ဖြင့် နာရေးပို့ဆောင်ခဲ့ပြီး ကျန်ရှိသည့် မိသားစုဝင် (၅)ဦးအား နှာခေါင်း၊ အာခေါင်တို့ဖတ် နမူနာရယူထားကြောင်း သိရသည်။
"ပြည်ပပြန် (၂)ဦးကတော့ တရုတ်ပြည်က ပြန်လာကြတာ ဖြစ်ပါတယ်၊ နေအိမ်အသွားအလာ ကန့်သတ်ထားတုန်း သူတို့ မိခင်ဖြစ်သူသေဆုံး သွားတဲ့အတွက် သေဆုံးသူကော ကျန်ရှိတဲ့ မိသားစုဝင် စုစုပေါင်း(၅)ဦးကိုပါ တို့ဖတ်နမူနာတွေ ယူထားပါတယ်"ဟု သီပေါမြို့ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာမျိုးအောင် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ပြည်ပပြန် (၂)ဦးရှိသည့် နေအိမ်ကို ကျန်းမာရေးစောင့်ကြည့်ရန် အသွားအလာ ကန့်သတ်ထားစဉ်၎င်းတို့ (၂ ) ဦး၏ မိခင်ဖြစ်သူ သေဆုံးသွားသည့်အတွက် သေဆုံးသူကိုလဲ တို့ဖတ် နမူနာယူထားပြီး ကျန်ရှိသည့် မိသားစုဝင် (၅)ဦးကိုလဲ တို့ဖတ်နမူနာယူထားကာ ဓါတ်ခွဲအဖြေ ရယူသွားမည်ဟု သိရသည်။
သေဆုံးသူ အမျိုးသမီးအား နယ်စည်းမခြား ပရဟိတအသင်း (သီပေါ)မှ PPE ဝတ်စုံဝတ်ဆင်ပြီး နာရေးပို့ ဆောင်ကာ မီးသင်္ဂြိုဟ်ပေးခဲ့ပြီး သေဆုံးသူနှင့် ပတ်သက်၍ ကျန်းမာရေးက စစ်ဆေးနေလျက်ရှိကြောင်း သိရှိရသည်။
Ref ; Tachileik News Agency

0 comments:

Post a Comment