Sunday, August 30, 2020

အရှေ့တောင်အာရှနိုင်ငံတွေမှာ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိရ

အင်ဒိုနီးရှားနိုင်ငံမှာ ပိုမိုကူးစက်မြန်တဲ့ D614G ခေါ် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်တစ်မျိုးတွေ့ရှိရပြီးနောက် အရှေ့တောင်အာရှဒေသတွင်း မျိုးဗီဇပြောင်း ဗိုင်းရပ်စ်တွေ့ရှိတဲ့နိုင်ငံ သုံးနိုင်ငံဖြစ်လာကြောင်း သိရပါတယ်။
ဂျကာတာမြို့အခြေစိုက် Eijkman Institute for Molecular Biology က အင်ဒိုနီးရှားမှာ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် D614G တွေ့ရှိရကြောင်း ဩဂုတ် ၃၀ ရက်နေ့မှာ ထုတ်ပြန် ပြောကြားပါတယ်။ D614G ကို အရှေ့ တောင်အာရှဒေသတွင်းရှိ စင်ကာပူနဲ့ မလေးရှား နိုင်ငံတွေမှာလည်း တွေ့ရှိထားကြောင်း Reuters သတင်းက ဖော်ပြပါတယ်။
ပိုမိုကူးစက်မြန်ပေမဲ့ ရောဂါမပြင်းထန်တဲ့ D614G ခေါ် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် (COVID-19 ရောဂါဖြစ်စေတဲ့ SAR-CoV-2 ဗိုင်းရပ်စ်) ကို Eijkman Institute for Molecular Biology က စုဆောင်းရယူခဲ့တဲ့ ဓာတ်ခွဲနမူနာများမှ တွေ့ရှိခဲ့ရကြောင်း လက်ထောက်ညွှန်ကြားရေးမှူး Herawati Sudoyo က Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။
D614G ဗိုင်းရပ်စ်ဟာ အင်ဒိုနီးရှားမှာ လတ်တလော ကူးစက်မှုတွေ မြင့်တက်နေမှုရဲ့ အကြောင်းရင်းဟုတ်မ ဟုတ်သိရှိနိုင်ရန် နောက်ထပ် လေ့လာမှုတွေ လိုအပ်ကြောင်းလည်း ၎င်းကဆိုပါတယ်။ အဆိုပါ မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ကို ဥရောပနဲ့ အမေရိကမှာ ဖေဖေါ်ဝါရီလအတွင်း တွေ့ရှိခဲ့ရတယ်လို့ ကမ္ဘာ့ကျန်းမာရေးဖွဲ့ အစည်း (World Health Organization - WHO) က ပြောထားခဲ့ပါတယ်။
အင်ဒိုနီးရှားမှာ ယ‌နေ့ ထုတ်ပြန်မှုအရ COVID-19 ကူးစက်ခံရသူနောက်ထပ်၂,၈၅၈ ဦး တိုးလာခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ ၁၇၂,၀၅၂ ဦးရှိလာပါတယ်။ အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှမှာ ဖိလစ်ပိုင်ပြီးလျှင် ကူးစက် မှု ဒုတိယအများဆုံးနိုင်ငံ ဖြစ်ပါတယ်။ အင်ဒိုနီးရှားမှာ COVID-19 ကြောင့် သေဆုံးသူ စုစုပေါင်းအရေအတွက် ၇,၃၄၃ ဦးရှိပြီး အရှေ့တောင်အာရှမှာ သေဆုံးမှုအများဆုံးဖြစ်ကြောင်း သိရပါတယ်။
ထိုအတောအတွင်း အင်ဒိုနီးရှားတက္ကသိုလ်မှ ကူးစက်ရောဂါဆိုင် ကျွမ်းကျင်သူ Syahrizal Syarif က အင်ဒိုနီးရှားပြည်သူတွေဟာ သတိပြုရမှာဖြစ်ပြီး ၎င်းရဲ့ တွက်ချက်မှုအရ ယခုနှစ်ကုန်ပိုင်းမှာ နိုင်ငံရဲ့ ကူးစက်မှုဟာ ၅၀၀,၀၀၀ အထိ မြင့်တက်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ "အခြေအနေက စိုးရိမ်ရပါတယ်၊ ပြည်တွင်းကူးစက်မှုကို လက်ရှိမှာ မထိန်းချုပ်နိုင်ပါဘူး" လို့ ၎င်းကဆိုပါတယ်။ အကယ်၍ ဓာတ်ခွဲခန်းတွေမှာ တစ်ရက်အတွင်း စစ်ဆေးမှုတွေ ပိုမိုလုပ်ဆောင်လာနိုင်ပါက နေ့စဥ် ကူးစက်မှုအသစ်တွေ ယခုထက် များစွာပိုမိုလာနိုင်ကြောင်းလည်း Syahrizal Syarif က ဖြည့်စွက်ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံမှာလည်း လတ်တလော သီတင်းပတ်များအတွင်း ရခိုင်ပြည်နယ်မှာ အများဆုံးတွေ့ရှိလာရတဲ့ ကူးစက်မှုတွေဟာ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်နိုင်ပေမဲ့ ရာနှုန်းပြည့်မသေချာသေးကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ‌ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြည်သူကို အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
Ref ; Duwun

0 comments:

Post a Comment