Monday, August 31, 2020

မန္တလေး စည်ပင်မှ ဝန်ထမ်း(၁၁)ဦး မြေယာကိစ္စ မမှန်မကန် လုပ်ဆောင်ထားမှုများ စစ်ဆေးပေါ်ပေါက်၊တိုင်း အစိုးရက အရေးယူမည်ဖြစ်ပြီး ဝန်ထမ်း(၁၁)ဦးစလုံးက အသနားခံစာ တင်ထားဟု ဝန်ကြီးချုပ်ပြော

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ (MCDC)တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်း (၁၁)ဦးမှ မြေယာကိစ္စ မမှန်မကန် လုပ်ဆောင်ထားမှုများ စစ်ဆေးပေါ်ပေါက်သဖြင့် အရေးယူမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
“ဒီကိစ္စတွေပေါ်လိုက်တော့ ပထမဆုံးကတော့ တိုင်ကြားစာနဲ့ ပတ်သက်ပြီး စစိစစ်ကြတာပေါ့။အဂတိ(မြန်မာ နိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်)က စိစစ်တယ်။ အဂတိ မမြောက်ဘူး ဒီကိစ္စမှာ။ ဒါပေမယ့် ဋ္ဌာနဆိုင်ရာတချို့ ဒီထဲမှာရှိတဲ့ ဝန်ထမ်းတွေပါတယ်။ ပွဲစားတွေပါတယ်။ ဒီကိစ္စကို တိုင်းဒေသကြီး အစိုးရက အရေးယူပေးပါဆိုပြီး ကျွန်တော့်ဆီပို့တယ်။ ကျွန်တော် ပြန်စစ်ပါတယ်။ သူတို့စစ်ပြီးတော့ ကျွန်တော် ဋ္ဌာနဆိုင်ရာတွေ ပြန်စစ်တယ်။ ကျွန်တော်တို့ အစိုးရက စစ်တယ်။ အခု အကုန်လုံးစစ်ပြီးတော့ အစီရင်ခံစာ ပြန်တက်လာပြီ။ အဲ့ဒါ ကျွန်တော်တို့က အရေးယူရမှာပေါ့။ ဒါတော့ ယူရမှာပေါ့”ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က သြဂုတ်(၂၇)ရက်တွင် ကျင်းပသည့် တိုင်းလွှတ်တော် အစည်းအဝေးအပြီးတွင် သတင်းမီဒီယာများအား ပြောသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ဝန်ထမ်းများမှ မြေဂရန် အတု၊ လက်မှတ်အတုများ ပြုလုပ်ကာ မြေယာကိစ္စများ မမှန်မကန် ဆောင်ရွက်မှုများ ရှိနေသည်ဟု သတင်များထွက်ပေါ်နေသည်မှာ မှန်၊မမှန် သတင်းမီဒီယာများက မေးမြန်းရာ ၎င်းက ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။
“သူက တင်လိုက်ကတည်းကိုက တချို့က အဲ့မှာ သိလိုက်တဲ့အခါကျတော့ ၁၃၄ ကွက် (အစိုးရအကူးအပြောင်း ကာလ ပုဂ္ဂလိကသို့ ချထားပေးခဲ့သည့် အများပိုင်မြေကွက်)တို့ ဘာတို့ ဆက်လာတာပေါ့။ ဒါတွေက ဘာလဲဆိုရင် များသောအားဖြင့် သြဇာအာဏာကို သုံးပြီး ပေးလိုက်တာလည်း ရှိတယ်။ အတုမဟုတ်ဘူးဗျ တချို့က။ တချို့ကတော့ အတု။ လက်မှတ်ထိုးတာတွေ အတုတွေရှိတယ်။ ပိုင်ရှင်ရှိပြီးသားဟာကို မရှိတဲ့ပုံစံမျိုးနဲ့ ပေးတာတွေ များပါတယ်။ အဲ့ဒါတော့ သူတို့ သူတို့ရဲ့ကောက်ချက်အရ စစ်ဆေးတဲ့သူရဲ့ ကောက်ချက်အရကို ပေါ် လွင်နေတာ”ဟု ဒေါက်တာဇော်မြင့်မောင်က ရှင်းပြသည်။
အဆိုပါ မြေယာကိစ္စ မမှန်မကန် ပြုလုပ်ရာတွင် ပါဝင်သည့် စည်ပင်ဝန်ထမ်းများ၏ အမည်နှင့် ရာထူးနေရာများကို ဝန်ကြီးချုပ်က ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ကြိုတင် သတင်းပေါက်ကြားနေသည့် အ တိုင်း ဝန်ထမ်း(၁၁)ဦး ဖြစ်ကြောင်းနှင့် လက်ရှိတွင် အဆိုပါ (၁၁)ဦးစလုံးက တိုင်းအစိုးရထံ အသနားခံစာ တင်ထားသည်ဟု ဆိုသည်။
“ယူရမှာပေါ့။ သူက ဝန်ထမ်း စည်းမျဉ်း စည်းကမ်းနဲ့သွားပြီး ငြိတယ်ဆိုရင် စည်းမျဉ်း စည်းကမ်း ဥပဒေအရ အရေးယူရမှာ။ ဥပဒေပြင်ပကနေ ဘာမှ အရေးမယူဘူး။ ပုဂ္ဂိုလ်ရေးအရကြောင့် အရေးမယူဘူး။ ဒါပေမယ့် စည်းမျဉ်း စည်းကမ်း ဥပဒေနဲ့ ငြိတယ်။ စိစစ်တဲ့လူတွေက ဒီဟာ သုံးသပ်ချက်နဲ့ တင်ပြီးပြီ။ ကျွန်တော်က အဲ့ဒါကို Cabinet (အစိုးရအဖွဲ့)ကို ချပြရတာ။ ကျွန်တော်တစ်ယောက်တည်းနဲ့ ဆုံးဖြတ်လို့မရဘူး။ ကျွန်တော့် Cabinet Member (အစိုးရအဖွဲ့ဝင်)တွေ ဒီလိုရှိတယ်။ ကျွန်တော် သုံးယောက်ကို အကြံဉာဏ် ယူပြီးတော့မှ ဥပဒေရှုထောင့်ကနေ အကုန်လုံး ကျွန်တော့်ကို အကြံပေး၊ ကက်ဘိနက် ချပြမယ်။ ဘယ်ပုံ ဘယ်နည်း ဘယ် လောက်အရေးယူကြမယ်။ ဒါပေမယ့် ကြိုထွက် (သတင်းကြိုပေါက်) ထားတာက ဆိုးတယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။
သို့သော် စည်ပင်ဝန်ထမ်းများ မမှန်မကန် လုပ်ဆောင်ထားသည့် မြေကွက်အရေအတွက်၊ တန်ဘိုးနှင့် မည်သို့ အရေးယူမည် ဆိုသည်များကိုမူ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားခြင်း မရှိပါ။ အရေးယူမှုနှင့်ပတ်သက်၍ အစိုးရအဖွဲ့ အတည်ပြုပြီးပါက အမိန့်စာထွက်မည်ဟု ၎င်းက ဆိုသည်။
မြေဂရန်အတုပြုလုပ်မှု အပါအဝင် မြေယာကိစ္စ မမှန်မကန် ဆောင်ရွက်မှာများကြောင့် မန္တလေးမြို့တော် စည် ပင်သာယာရေး ကော်မတီ (MCDC)မှ ဝန်ထမ်းများကို ရာထူးလျှော့ခြင်း၊ ရာထူးတိုး ရပ်ဆိုင်းခြင်း၊ အငယ်တန်း ဝန်ထမ်းများကို ပင်စင်ပေးခြင်းများဖြင့် အရေးယူထားသည်ဟု ပြည်တွင်းသတင်းဌာနအချို့က သြဂုတ်လ ဒုတိယပတ်အတွင်းက ဖော်ပြသည်။
ထိုသို့ မြေဂရန် အတုပြုလုပ်မှု အပါအဝင် မြေယာကိစ္စ မမှန်မကန် ဆောင်ရွက်မှုများကြောင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ဝန်ထမ်းများ အရေးယူခံရမှုနှင့် ပတ်သက်၍ မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီ ဥက္ကဌ မြို့တော်ဝန်၊ စည်ပင်ကော်မတီ အတွင်းရေးမှူးနှင့် စည်ပင်ကော်မတီ ပြန်ကြားရေး တာဝန်ခံတို့ထံ မေးမြန်းရာတွင် ဖြေကြားပေးသူ မရှိပါ။ အမိန့်စာ ထွက်ပြီးမှသာ ဖြေကြားနိုင်မည်ဟု မန္တ လေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးအောင်ကျော်ထွန်းက ပြောသည်။
မန္တလေးမြို့၌ မြေကွက်အလွတ်များကို စာရွက်စာတမ်း အတုများ ပြုလုပ်ကာ လိမ်လည်ရောင်းချမှုများ အများအပြား ပေါ်ပေါက်နေပြီး မြေကွက် တစ်ကွက်တည်း၌ မြေငှားဂရန် ပိုင်ဆိုင်သူ နှစ်ဦး၊ သုံးဦး ထပ်နေသည့် ဖြစ်စဉ်များ ရှိသလို အစိုးရပိုင် မြေကွက်များအား လိမ်လည်၍ ဂရန်ရထားသူများလည်း ရှိနေကြောင်း၊ ထိုသို့ လိမ်လည်သူများကို အရေးယူနိုင်မှူု အားနည်းသည့်အတွက် ဆက်တိုက် ကျူးလွန်လျှက် ရှိကြောင်း ချမ်းမြသာစည်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြီးခဲ့သည့် ဇွန်လတွင် ကျင်းပသည့် တိုင်းလွှတ်တော်အစည်းအဝေး၌ ဆွေးနွေးခဲ့ဖူးသည်။
မန္တလေးတွင် ၂၀၁၈မှ ယခု ၂၀၂၀အထိ သုံးနှစ်အတွင်း စာရွက်စာတမ်း အတုများဖြင့် မြေယာ လိမ်လည်ရောင်းချမှုများအား အရေးယူပေးရန် အမှုဖွင့်တိုင်တန်းမှု အမှု(၁၀၀)ကျော် ရှိကြောင်း မန္တလေးတိုင်းအစိုးရ အဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး ကျော်ကျော်မင်းကလည်း တိုင်းလွှတ်တော်တွင် ပြော သည်။
မန္တလေးမြို့၌ စာရွက်စာတမ်း အတုများဖြင့် မြေကွက် လိမ်လည်ရောင်းချမှု အများဆုံး ဖြစ်ပွားသော မြို့နယ်မှာ ပြည်ကြီးတံခွန်မြို့နယ် ဖြစ်ပြီး ချမ်းမြသာစည်နှင့် မဟာအောင်မြေ မြို့နယ်တို့တွင်လည်း လိမ်လည်ရောင်း ချမှုများ ရှိနေကြောင်း၊ မြေကွက်လွတ်များကို စာရွက်စာတမ်း အတုပြုလုပ်သူ အများစုသည် စည်ပင်မြေယာဌာနကဲ့သို့ သက်ဆိုင်ရာ အစိုးရဌာနများနှင့် ပတ်သက်ဆက်နွယ်ဖူးသူ အများစုဖြစ်ပြီး ဂိုဏ်းကဲ့သို့ အဖွဲ့ဖြင့်လုပ်ဆောင်နေကြကြောင်း မန္တလေးမြို့ခံ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်အချို့က ပြောသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီတွင် ဌာန(၁၄)ခု ရှိပြီး အမြဲတန်းဝန်ထမ်းနှင့် နေ့စား၊ ယာယီ ဝန်ထမ်းများ အပါအဝင် ဝန်ထမ်း(၅၀၀၀)ကျော် ရှိသည်။
Ref ; Mandalay Indepth News

0 comments:

Post a Comment