ပြင်ဦးလွင်မြို့နဲ့ အနီးတဝိုက်မှာ လေကာတောတွေ များပြားလာရေးအတွက် Green Challenge သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က မီးပုံးပျံတွေ အသုံးပြုပြီး သစ်ပင်မျိုးစေ့တွေ သိန်းချီ ကြဲနေပါတယ်။
ပြင်ဦးလွင်မြို့ရဲ့ မြေအောက်ရေ ခမ်းခြောက်လာမှုနဲ့ သစ်တောပြုန်းတီးမှု ကြောင့် ရာသီဥတု ပြောင်းလဲလာမှု တို့ ဖြစ်ပေါ်လာရာ သဘာဝဂေဟစနစ် ပိုမိုကောင်းမွန်လာပြီး လေကာတော များပြားလာစေဖို့ အခုလို သစ်ပင်မျိုးစေ့တွေ ကြဲနေတာလို့ Green Challenge သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ တာဝန်ခံ ဦးအောင်မျိုးပိုင်က ပြောပါတယ်။
Green Challenge အဖွဲ့က ပြင်ဦးလွင်မှာ ၂၀၁၃ ခုနှစ်ကစတင် သစ်ပင်စိုက်ခဲ့ပေမဲ့ သစ်တောပြုန်းတီးမှုနဲ့ နှိုင်းယှဉ်ပါက ပြန်လည်စိုက်ပျိုးနိုင်မှုနည်းပါးတယ်လို့ ယူဆပြီး ၂၀၂၀ ဇူလိုင်ကစပြီး မီးပုံးပျံတွေမှာ သစ်ပင်မျိုးစေ့ ပမာဏများစွာ ချိတ်ဆွဲ လွှတ်တင်ကာ ကြဲနေတာဖြစ်ပါတယ်။
၂၀၂၀ ဇူလိုင်လမှ သြဂုတ်လအတွင်း မီးပုံးပျံ နှစ်ကြိမ် လွှတ်တင်နိုင်ခဲ့ပြီး သစ်ပင်မျိုးစေ့ပေါင်း ၅သိန်း ကြဲနိုင်ခဲ့တယ်လို့ သိရပါတယ်။
Green Challenge အဖွဲ့က မီးပုံးပျံ အပြင် ပရာမိုတာတွေနဲ့ သစ်ပင်မျိုးစေ့ကြဲတာ၊ လေးခွတွေနဲ့ မျိုးစေ့တွေပစ်ကြဲခြင်းတွေကိုလည်း လုပ်ဆောင်နေပြီး အခုနှစ် အောက်တိုဘာလကုန်အထိ ဆက်လက်လုပ်ဆောင်ဖို့ အစီအစဉ် ရှိပါတယ်။
0 comments:
Post a Comment