Wednesday, July 1, 2015

ပုဒ်မ ၅၉ (ဃ) ပြည်လုံးကျွတ် ဆန္ဒခံယူနိုင်ရေး ရွေးကောက်ပွဲနှင့် ပူးတွဲပြုလုပ်ရန် ကော်မရှင်ထံ စာပို့မည်


အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရာတွင် လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံမှု ရရှိခဲ့သော ပုဒ်မ ၅၉ (ဃ) ကို ပြည်လုံးကျွတ် ဆန္ဒခံယူရေး ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့် ပူးတွဲပြုလုပ်ရန် ရွေးကောက်ပွဲကော်မရှင်ထံသို့ စာပေးပို့သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။ ၂၀၁၅ ရွေးကောက်ပွဲကို အောက်တိုဘာလ နောက်ဆုံးပတ် သို့မဟုတ် နိုဝင်ဘာလ ပထမပတ်အတွင်း ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။

ဇူလိုင်လ ၁ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ သီးခြားလုပ်မယ်ဆိုရင် အချိန်၊ လုပ်အား၊ ဘဏ္ဍာငွေ၊ အားလုံး ထပ်မံလိုအပ်မှာ ဖြစ်ပါတယ်။ ဒီကိစ္စကို ယခုနှစ် အောက်တိုဘာကုန် သို့မဟုတ် နိုဝင်ဘာလဆန်းမှာ ကျင်းပပြုလုပ်မယ့် ၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ပူးတွဲပြီး ဆောင်ရွက်ရင် အချိန်၊ လုပ်အားဘဏ္ဍာငွေ၊ ကုန်ကျမှုတွေကို လျော့ချနိုင်သည့်အပြင် ဥပဒေအရ အကျိုးသက်ရောက်မှုကိုလည်း ထိခိုက်တဲ့ အခြေအနေ မရှိကြောင်း သုံးသပ်တွေ့ရှိရပါတယ်” ဟု ၎င်းကဆိုသည်။

ပြင်ဆင်ရေးမူကြမ်းတွင် တင်သွင်းခဲ့သည် ပုဒ်မ၊ ပုဒ်မခွဲ (၆) ခု အနက်မှ ပုဒ်မ (၅၉) ပုဒ်မခွဲ (ဃ) တစ်ခုထဲသာ ထောက်ခံဆန္ဒမဲ (၅၅၆) မဲဖြင့် ပြည်လုံးကျွတ် ဆန္ဒခံယူနိုင်ရန် အောင်မြင်ခဲ့သောကြောင့် ယင်းသို့ စီစဉ်ရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဖွဲ့စည်းပုံအခြေခံ ပုဒ်မ ၄၃၆ ပုဒ်မခွဲ (က) ကို ဇွန်လ ၂၅ ရက်က စတင်ဆွေးနွေးကာ အဆုံးအဖြတ်ရယူခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် ၄၃၆ (ခ) ပါ ပြည်လုံးကျွတ် ဆန္ဒခံယူစရာ မလိုသည့် ပြင်ဆင်ချက် ပုဒ်မ၊ ပုဒ်မခွဲများကို ဆွေးနွေးနေဆဲဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။

ယင်းဆွေးနွေးချက်နှင့် ပြင်ဆင်ချက်များသည်လည်း တပ်မတော်အနေနှင့် ထောက်ခံမှု မရှိပါက ပြင်ဆင်၍ မရနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ထပ်လောင်းပြောကြားသည်။

ပြည်လုံးကျွတ် ဆန္ဒခံယူရာတွင် ရွေးကောက်ပွဲကော်မရှင်၏ လုပ်ပိုင်ခွင့် ဖြစ်သောကြောင့် ယင်းကဲ့သို့ အကြောင်းကြားစာ ပေးပို့ရခြင်းဖြစ်ကြောင်း သူရဦးရွှေမန်းက ဆိုသည်။

The Voice Weekly

0 comments:

Post a Comment