Wednesday, July 1, 2015

ဖားကန့် - မိုးကောင်းကားလမ်းမပေါ်တွင် KIA အဖွဲ့မှ ခရီးသည်တင်ယာဉ်(ဘင်ကား)အား မိုင်းခွဲ ပစ်ခတ်


ကချင်ပြည်နယ်၊ ဖားကန့် - မိုးကောင်း ကားလမ်းမပေါ်တွင် သွားလာနေသော ခရီးသည်တင်(ဘင်ကား) တစ်စီးအား (KIA) အဖွဲ့မှ မိုင်းခွဲဖျက်စီးခဲ့ကြောင်း မြစ်ကြီးနားမြို့တွင် နေထိုင်သော ယာဉ်မောင်းတစ်ဦး မှပြောပြသည်။
“ ဇွန်လ ၂၉ ရက်နေ့တွင် ဖားကန့် - မိုးကောင်း ကားလမ်းပေါ်တွင် သွားလာနေသော ခရီးသည်တင် ယာဉ်(ဘင်ကား) တစ်စီးအား KIA အဖွဲ့မှ ရီမုမိုင်းဖောက်ခွဲပြီး ပစ်ခတ်မှုကြောင့် ၎င်းကားပေါ်တွင် လိုက်ပါ လာသော ကားမောင်းသမားနှင့် ခရီးသည် ၃ ဦး တို့မိုင်းစများ ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် မိုးကောင်းဆေးရုံနှင့် မြစ်ကြီးနားဆေးရုံတို့တွင် ဆေးကုသမှု ခံယူနေရကြောင်း၊ အဆိုပါ ကားလည်း ပျက်စီးသွားပြီး ကားမှန်များ လည်းကွဲကာ ကားရှေ့ပိုင်း နှင့် ဘေးဘက်တွင်လည်း သေနတ်ကျည် ထိမှန်ထားသည့် အပေါက်ပေါင်း များစွာလည်း တွေ့ရှိရသည်ဟု ’’ ဖားကန့်မှမိုးကောင်းသို့ ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်မောင်းတစ်ဦးမှ ပြောပြခဲ့ပါသည်။

အဆိုပါ ယာဉ်မိုင်းခွဲတိုက်ခိုက်မှုတွင် ဦးဌေးဦး (၂၄)နှစ် ၊ ဦးသက်အောင်လင်း (၁၇)နှစ်နှင့် ဦးတင်ဝင်း (၄၀)နှစ်တို့မှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကာ ယခုတွင် မိုးကောင်းပြည်သူ့ဆေးရုံ၌ တက်ရောက်ကုသလျက်ရှိပြီး ဦးသိန်းဇော်ဦး (၂၈) နှစ်မှာ အခြေအနေစိုးရိမ်ရသောကြောင့် မိုးကောင်းဆေးရုံမှ ဖြစ်ကြီးနားဆေးရုံသို့ ပြောင်းရွှေ့ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ယခုလို KIA အဖွဲ့မှ အရပ်သားပြည်သူများအား ပစ်မှတ်ထား တိုက် ခိုက်ခြင်းမှာ ယခုတစ်ကြိမ်တည်း မဟုတ်ဘဲ မကြာ ခဏတိုက် ခိုက်လေ့ ရှိကြောင်း အရပ်သားများအား အကြောင်းမဲ့ ပစ်ခတ်မှုများကြောင့် ခရီးသွားပြည်သူများ စိုးရိမ်ကြောက် လန့်နေကြကြောင်း ဒေသခံကား ဂိတ်ပိုင်ရှင် တစ်ဦးမှ ပြောပါသည်။

ဆိုင်နော်(ဖားကန့်)
Kachin Daily News

0 comments:

Post a Comment