Tuesday, May 1, 2018

တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပုံစံသစ်တွင် ရွေးချယ်စရာမေးခွန်းပုဒ်ရေ လျှော့ချမည်


အလွတ်ကျက်မှတ်မှုအစား ကျောင်းသားကိုယ်တိုင် စဉ်းစားတွေးခေါ်မှုကို ဦးတည်ပြောင်းလဲမည်ဖြစ်သော တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပုံစံသစ်တွင် ရွေးချယ်စရာမေးခွန်းပုဒ်ရေ လျှော့ချသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်မြဲ၏ မေးခွန်းပုံစံသစ် သိမှတ်ဖွယ်ရာ ဆောင်းပါးတွင် ဖော်ပြထားသည်။

လာမည့် ဇွန်လဆန်းဖွင့်လှစ်မည့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှစ၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မေးခွန်းပုံစံသစ်ဖြင့် စစ်ဆေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ဧပြီ ၃၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီးနောက် ပြောရေးဆိုခွင့်ရှိသူက နိုင်ငံပိုင်သတင်းစာမှ တစ်ဆင့် ထိုသို့ရေးသားခြင်းဖြစ်သည်။

မေးခွန်းလွှာတွင် ရွေးချယ်စရာ မေးခွန်းအရေအတွက်များနေလျှင် သင်ခန်းစာအချို့ကို စာမေးပွဲတွင်မဖြေဆိုဘဲ ရှောင်လွှဲခွင့် ရနိုင်ခြင်းကြောင့် တတ်မြောက်မှုအားနည်းနိုင်သဖြင့် မေးခွန်းပုံစံသစ်တွင် ရွေးချယ်စရာ မေးခွန်းပုဒ်ရေ လျှော့ချရန် စီစဉ်ခြင်းဖြစ်ကြောင်း ၎င်း၏ဆောင်းပါးတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် စာမေးပွဲမေးခွန်းများတွင် မေးခွန်း ၃ ခုရှိသည့်အနက် ကြိုက်နှစ်သက်ရာ မေးခွန်းတစ်ခုကိုဖြေခွင့်၊ မေးခွန်း ၉ ခုရှိသည့်အနက် နှစ်သက်ရာမေးခွန်း ၆ ခုကိုသာ ရွေးချယ်ဖြေဆိုခွင့်၊ မေးခွန်း ၈ ခု အနက် ၄ ခုသာ ဖြေဆိုခွင့်စသည်ဖြင့် ရွေးချယ်ရန် မေးခွန်းများပေးထားသည်။

ပဲခူးတိုင်းမှ ဓာတုဗေဒဘာသာရပ်သင် အထက်တန်းပြဆရာမတစ်ဦးက “ဆရာမတွေကတော့ အခန်းအကုန်သင်တယ်။ အဲဒီထဲကမှ ကျောင်းသားတွေက မေးခွန်းဟောင်းတွေကြည့်ပြီး ဘယ်အခန်းကို ဘယ်အပုဒ်ကျက်ရင် ဘယ်လောက်ရမယ်ဆိုတာ တွက်ပြီးသား။ အဲဒါကြောင့် ကလေးတွေက ရွေးသလို ဖြစ်သွားတယ်”ဟု ပြောကြားသည်။

ကျောင်းသား၊ ကျောင်းသူများအနေနှင့် မေးခွန်းဟောင်းများ စုထုတ်ထားသည့် စာအုပ်များကိုကြည့်ကာ အမှတ်တွက်ချက်၍ အောင်မှတ်ရရန် သေချာသည့်အခန်းများကို ဦးစားပေး ရွေးချယ်ကြည့်ရှုလေ့ရှိပြီး အောင်မှတ်ရလျှင် ဆရာ၊ ဆရာမများသင်သည့် သင်ခန်းစာအားလုံးကို စိတ်ပါဝင်စားမှုနည်းကြောင်း ၎င်းက ပြောဆိုသည်။

မေးခွန်းပုံစံသစ်မှာ အားလုံး (လုံးဝ) ပြောင်းလဲမည်မဟုတ်ဘဲ မေးခွန်းပုံစံဟောင်းမှာကဲ့သို့ပင် အလွတ်ကျက်မှတ်ရသည့် မေးခွန်းများနှင့် စဉ်းစားတွေးခေါ်ရသော မေးခွန်းများပေါင်းစပ်ပါဝင်မည်။ သို့သော် စဉ်းစားတွေးခေါ်ရသည့် မေးခွန်းများ ပိုပါဝင်မည်ဖြစ်သည်။ ထို့ပြင် ကျောင်းသားများကို သင်ရိုးကုန်လေ့လာစေရန် သင်ခန်းစာအားလုံးကို လွှမ်းခြုံမေးမြန်းမည်ဖြစ်ပြီး မေးခွန်းပုံစံတွင် လွယ်၊ သင့်၊ ခက် မျှတစွာပါဝင်မည်ဖြစ်ကြောင်း ဒေါက်တာခိုင်မြဲ၏ ဆောင်းပါးတွင်ဖော်ပြထားသည်။

အင်္ဂလိပ်စာဘာသာရပ် သင်တန်းကျောင်း တည်ထောင်ထားသူ ဦးအောင်စိုးမိုးက ပြီးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းများတွင် မေးခွန်းပုဒ်ရေ များများပေးကာ ရွေးချယ်ခွင့်ပေးထားသောကြောင့် စာမေးပွဲတွင် မေးရန်သေချာသည့် အခန်းလောက်သာ ရွေးချယ်ကြည့်ရှုလေ့ရှိကြောင်း ပြောဆိုသည်။ 

“ရွေးချယ်စရာမပေးဘဲ ဖြန့်ပြီး အားလုံးကိုမေးမယ်ဆိုရင် ကလေးတွေက အားလုံးကိုခြုံငုံပြီး လေ့လာမှာဖြစ်တဲ့အတွက် အဲဒါကိုတော့ သဘောကျပါတယ်”ဟု ဦးအောင်စိုးမိုးက ပြောကြားသည်။ 

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှစ၍ စိတ်ကြိုက်မြန်မာစာ ဘာသာရပ်တစ်ခုမှလွဲ၍ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ပထဝီဝင်၊ သမိုင်းနှင့် ဘောဂဗေဒ ဘာသာရပ် မေးခွန်းပုံစံများကို ပြောင်းလဲမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ဧပြီလ ၃၀ ရက်တွင် ထုတ်ပြန်သည်။ 

The Voice

0 comments:

Post a Comment