Wednesday, May 2, 2018

မူးယစ်ဆေးဝါးမှုဖြင့် မြန်မာ ၂ ဦးကို တရုတ်နိုင်ငံ တရားရုံးက သေဒဏ်အမိန့်ချမှတ်


မူးယစ်ဆေးဝါးမှု၊ တရုတ်ရဲတပ်ဖွဲ့ဝင် ၁ ဦးကို ပစ်သတ်မှု ကျူးလွန်ခဲ့တဲ့  မြန်မာနိုင်ငံသား ၂ ဦးကို တရုတ်နိုင်ငံ၊ ယူနယ်ပြည်နယ်ရှိ တရားရုံးတရုံးက မေလ ၂ ရက်နေ့က  သေဒဏ်အမိန့် စီရင်ချက် ချမှတ်လိုက်တယ်လို့ တရုတ် ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

တရားခံတဦးဟာ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၄ ရက်က ဆစ်ဆောင်ပနား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုမှာ ရဲတပ်ဖွဲဝင်တဦးကို ပစ်သတ်မှု ကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ တရားရုံးကို ကိုးကားပြီး သတင်းမှာ ရေးပါတယ်။

နောက်ထပ်တရားခံတဦးကတော့ သူ့ရဲ့ ကြံရာပါနှစ်ဦးနဲ့အတူ မြန်မာနိုင်ငံဘက်ကို ထွက်ပြေး လွတ်မြောက်သွားခဲ့ပြီးမှ ဖမ်းဆီးခံခဲ့ရကာ တရုတ်ရဲတပ်ဖွဲ့ထံ လက်လုပ် သေနတ်တလက် ကျည်ဆန် ၁၁ တောင့်နဲ့အတူ ၂၀၁၆ နိုဝင်ဘာ ၆ ရက်မှာ မြန်မာဘက်ကနေ ပြန်လွှဲပေးခဲ့တာလို့ ဆိုပါတယ်။

အဆိုပါတရားခံရဲ့ အပေါင်းအဖော်ကြံရာပါ နှစ်ဦးကိုတော့ ထောင်ဒဏ် တသက်နဲ့ ထောင်ဒဏ် ၁၅ နှစ်စီ အသီးသီးပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

ဖမ်းဆီးမှုဖြစ်စဉ်မှာ ဆစ်ဆောင်ပနားရဲတပ်ဖွဲ့က မက်သာအက်ဖက်တမင်းနဲ့ အိုက်စ် စိတ်ကြွမူးယစ်ဆေးဝါး ၁၇ ဒသမ ၂ ကီလိုဂရမ်၊ လက်လုပ်သေနတ် ၁ လက်နဲ့ ကျည်ဆန် ၉ တောင့်ကိုလည်း ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေနဲ့ ပတ်သက်ပြီး တရားခံ ၄ ယောက်အနေနဲ့ တရားရုံးမှာ အယူခံဝင်ထားတယ်လို့လည်း သိရပါတယ်။

DVB

0 comments:

Post a Comment