ပြင်ပတွင် ဘုရားကျောင်းကန်များရှိသော်လည်း လူအများနှလုံးသားထဲ ရင်ထဲတွင် မြတ်ဗုဒ္ဓ အဆုံးအမ တရားတော်များ မရှိတော့ပါက သာသနာကွယ်ပျောက်ခြင်းပင်ဖြစ်သည်ဟု ပါမောက္ခချုပ် ဆရာတော် ဒေါက်တာနန္ဒာမာလာဘိဝံသ က မိန့်တော်မူသည်။
မြတ်စွာဘုရား၏ တရားဒေသနာများ သည် လွန်ခဲ့သောနှစ်ပေါင်း၂၆၀၀ ကျော်မှ ယနေ့ထိ တည်တံ့နေခြင်းမှာ ရဟန်းသံဃာများ ချီးမြှင့်ခြင်း၊ သင်ကြားပို့ချခြင်း တို့ကြောင်းဖြစ်ပြီး ၄င်းတရားဒေသနာများ ဆက်လက်ပြန့်ပွားမှသာ ဘုရားကျောင်းကန်များ တည်ရှိကြောင်း၊ သို့သော် ပြင်ပတွင် ဘုရားကျောင်းကန်များ တည်ရှိသော်လည်း လူအများရင်ထဲ၏ နှလုံးသားထဲတွင် ဘုရားရှင်အဆုံးအမ တရားတော်များမရှိပါက သာသနာ တည်တံသည်ဟု မဆိုနိုင်ကြောင်း ဆရာတော်က မိန့်တော်မူသည်။
’’သာသနာလို့ဆိုတာ မြတ်စွာဘုရားတော်ရဲ့ အဆုံးအမတရားတွေကိုအဓိကအားဖြင့် ခေါ်တာဖြစ်တယ်။ အဲဒီ အဆုံးအမတရားတော်တွေ မပျောက်ပျက်ဘူးဆိုရင် ဘုရားကျောင်းကန်တွေ တည်ရှိနေတာဖြစ်တယ်။ သို့သော် ဘုရားကျောင်းကန်တွေ တည်ရှိနေတာနဲ့ ဒီအဆုံးအမတွေ ပျောက်ပျက်သွားရင် သာသနာတည်တံ့နေတယ်လို့ပြောလို့မရဘူး။ ဗုဒ္ဓဘာသာနိုင်ငံမဟုတ်တဲ့နိုင်ငံတွေမှာ လည်း ဘုရားကျောင်းကန်တွေက တည်ရှိတယ်။သို့သော် လူတွေရင်ထဲ နှလုံးထဲ မြတ်စွာဘုရားရဲ့ အဆုံးအမတရားတွေ မရှိတော့ဘူးဆိုရင် အဲဒါ သာသနာကွယ်ပျောက်တာဖြစ်တာပေါ့။ အဲဒီလို သာသနာ မကွယ်ပျောက်ဖို့ဆိုရင် မြတ်စွာဘုရားရဲ့ အဆုံးအမတရားတော်တွေ ဂါထာတစ်ပုဒ်နဲ့စလို့ သင်ကြားပို့ချပေးခြင်း သင်ယူခြင်းကစလို့လုပ်ရမှာဖြစ်တယ်’’ဟု ပါမောက္ခချုပ်ဆရာတော်က မိန့်သည်။
သာသနာတော်ပြန့်ပွားရန် ပေါင်းစည်းလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ စိတ်ဓါတ်တူညီမှု ၊ ကိုယ်ကာယ အားတူညီမှု ၊ပူးပေါင်းမှုတို့ လိုအပ်ကြောင်း၊ အချင်းများမှု ကျောခိုင်းထွက်ခွာမှုတို့ကို ရှောင်ရန်လိုအပ်ပြီး ပေါင်းစည်းမှုတို့ကို အားပြုရမည်ဖြစ်ကြောင်း ပါမောက္ခချုပ် ဆရာတော်က မိန့်သည်။
’’ မြတ်စွာဘုရားက သံယောဇဉ်ကို ဖြစ်ဖို့ပြောတာ မဟုတ်ဘူး။ပူးပေါင်းဖို့ကိုပြောတာ သားသမီးနဲ့ မိဘ ဆရာနဲ့ တပည့် ပူးပေါင်းဖို့ကိုပြောတာ ’’ဟု ပါမောက္ခချုပ်ဆရာတော်က မိန့် တော်မူသည်။
မင်းသီဟန် (အကုန်သိသတင်းဌာန)
0 comments:
Post a Comment