ရခိုင်ပြည်နယ်တွင် ARSA အစွန်းရောက် အကြမ်းဖက်အုပ်စုက လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း အထောက်အထား အသစ်အရ သိရသည်ဟူသည့် ခေါင်းစဉ်ဖြင့် Amnesty International အဖွဲ့က မေ ၂၂ရက်တွင်ထုတ်ပြန် ကြေညာခဲ့သည့်ဖြစ်ရပ်မှန် သတင်းအပေါ် နိုင်ငံတကာ မီဒီယာများက ထပ်ဆင့်ထုတ်လွှင့် မှုများ ပြုလုပ်ခဲ့ကြသည်။
VOA သတင်းဌာနက မေ ၂၃ ရက် နံနက် ၆ နာရီ သတင်းအစီအစဉ်တွင် ရခိုင်ပြည်နယ် အတွင်းရှိ ဟိန္ဒူ ဘာသာဝင် အမြောက်အမြားအား ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့က သတ်ဖြတ်ခဲ့သည် ဆိုသည့် အထောက်အထားတွေ့ရှိရကြောင်း Amnesty International အဖွဲ့ပြောကြား ခေါင်းစဉ်ဖြင့် ခမောင်း ဆိပ် ကျေးရွာ အနီးတွင် ဟိန္ဒူ အမျိုးသမီး၊ အမျိုးသားနှင့် ကလေးငယ် စုစုပေါင်း ၉၉ ဦးခန့်အထိ သတ်ဖြတ်ခဲ့သလို ဖမ်းဆီးခေါ် ဆောင်မှုများလည်း လုပ်ခဲ့သည်ဟု ထုတ်လွှင့်ဖော်ပြခဲ့သည်။
အလားတူ ဘီဘီစီ သတင်းဌာနကလည်း ရခိုင်တွေ့ရှိချက်သစ် လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ ထုတ်ပြန် ခေါင်းစဉ် ဖြင့် Amnesty International အဖွဲ့၏ ယခုတစ်ခေါက် အစီရင်ခံစာထဲတွင် ရခိုင်ပြည်နယ်ရှိ ဟိန္ဒူ အသိုင်းအဝိုင်းကို ပစ်မှတ်ထားပြီး အာဆာအဖွဲ့က ကျူးလွန်ခဲ့သည့် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှုများ အကြောင်း ဖော်ပြ ထားကြောင်း၊ ယခုအစီရင်ခံစာ ထုတ်ပြန်နိုင်ရန် ကိုယ်တိုင် ကွင်းဆင်း လေ့လာခဲ့သည့် မြန်မာ့ အရေး အထူးပြု သုတေသနပြုလုပ်သူ Amnesty International အဖွဲ့မှ လော်ရာဟေ့ဂ်ဆိုသူ အမျိုး သမီးအား BBC ကမေးမြန်းရာ ၎င်းက မောင်တောမြို့နယ် ခမောင်းဆိပ် ကျေးရွာတွင် ဟိန္ဒူ ၉၉ ဦးအထိ အသတ်ခံခဲ့ရပြီး မောင်တော အပြင်ဘက်သီးခြားဖြစ်ရပ် တစ်ခုတွင်လည်း အသတ်ခံခဲ့ရသည့် ဟိန္ဒူခြောက်ဦးရှိသည် ဆိုသည့် အထောက် အထား သက်သေများကို မှတ်တမ်းတင် နိုင်ခဲ့ကြောင်း၊ ကျူးလွန်သူများသည် ARSA အစွန်းရောက် အကြမ်းဖက် သမားများဟု ကောက်ချက်ချနိုင်ကြောင်း ဖြေကြားခဲ့သည် ဟူသည့် သတင်းကို ထုတ်လွှင့် ခဲ့သည်။
ထို့ပြင် အဆိုပါဖြစ်ရပ်မှန် သတင်းနှင့် ပတ်သက်၍ Aljazeera, CNN,AFP, CNA, FOX News Channel, Sky News, The Straits Times, The Guardian, Daily Mail,The Daily Star, The Independent, The Wall Street Journal, The Washington Post, TheTimes of India, TIME, Bangkok Post အစသည့် ကမ္ဘာ့ သတင်း မီဒီယာများကလည်း ထုတ်လွှင့် ဖော်ပြထားသည်ကို တွေ့ရသည်။
ယင်းဖြစ်ရပ်သည် ၂ဝ၁၇ ခုနှစ် သြဂုတ် လက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သတ်ဖြတ်ခံရသည့် ဟိန္ဒူဘာသာ ဝင်များ၏ အလောင်းများကို စက်တင် ဘာလအတွင်းက တူးဖော် တွေ့ရှိခဲခြင်း ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ဖမ်းဆီးခေါ် ဆောင်သွားခြင်း ခံရသည့် ဟိန္ဒူဘာသာဝင် အမျိုးသမီးများ၏ ပြောကြား ချက်များအရ ARSA အစွန်းရောက်အကြမ်းဖက်သမား ၃ဝဝ ခန့်က ရဲဘော်ကျကျေးရွာမှ ဟိန္ဒူဘာသာဝင် အမျိုးသား၊ အမျိုးသမီး ၁ဝဝ ခန့်အား ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီး ရွာ၏ အနောက်ဘက် မီတာ ၁ဝဝဝ ခန့်အကွာတွင် အမျိုးသား၊ အမျိုးသမီးများအား သတ်ဖြတ်ကာ ၎င်းတို့ ရှစ်ဦးအား အစ္စလာမ် ဘာသာသို့ဝင်ခိုင်းခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရှိရသည်။
ရဲဘော်ကျ ကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၁၅ဝဝခန့်အကွာ၌ တူးဖော် ရှာဖွေခဲ့ရာ စက်တင်ဘာ ၂၄ ရက်တွင် ရုပ်အလောင်း ၂၈လောင်း၊ စက်တင်ဘာ ၂၅ရက်တွင် ရုပ်အလောင်း ၁၇လောင်း စုစုပေါင်း၄၅ လောင်းကို ရှာဖွေ တွေ့ရှိခဲ့ပြီး ၄၈ဦး ပျောက်ဆုံး နေဆဲဖြစ်ကြောင်း၊ ထို့ပြင် မောင်တောမြို့နယ် အိုးထိန်းကျေးရွာမှ ဟိန္ဒူ ဘာသာဝင် ၁၄၄ ဦး ပျောက်ဆုံးနေကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီက ၂ဝ၁၇ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီး နိုင်ငံပိုင် သတင်း မီဒီယာများကလည်း ထုတ်လွှင့် ဖော်ပြခဲ့ပြီး ဖြစ်သည်။
ယခုကဲ့သို့ ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရသော ဟိန္ဒူဘာသာဝင် ရုပ်အလောင်းများ တွေ့ရှိရာ နေရာသို့ ၂ဝ၁၇ ခုနှစ် စက်တင်ဘာ ၂၇ ရက်က ပြည်တွင်းပြည်ပ သတင်းမီဒီယာများ သွားရောက် သတင်းယူခဲ့ရာတွင် TBS, Asahi Shun Bum, EPA, AFP, VOA, CNA, BBC, Xinhua, TV Asahi, Nippon, Frontier Myanmar, Reuter သတင်းဌာန တို့မှ သတင်းထောက်များ လိုက်ပါခဲ့ကြသည်။ ထိုအချိန်က ကမ္ဘာ့သတင်း မီဒီယာအများစုက ယင်းသတင်း ဖြစ်ရပ်မှန်များကို ထုတ်လွှင့် ဖော်ပြရန် ပျက်ကွက်ခဲ့ကြ သော်လည်း ယခုအခါ သတင်းဖြစ်ရပ်မှန်ကို အလေးအနက်ထားပြီး ပြန်လည်ထုတ်လွှင့် ဖော်ပြလာခဲ့ခြင်း ဖြစ် ကြောင်း သိရှိရသည်။
မြ၀တီ
0 comments:
Post a Comment