မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ လေဆိပ်သုံးခုအတွက် လေကြောင်းစောင့်ကြည့်သည့် အဆင့်မြင့်ရေဒါစက် (Approach Radar Control Simulator) များ တပ်ဆင်ရန် ဂျပန်နိုင်ငံမှ ပညာရှင်အဖွဲ့က စစ်တမ်းစကောက်နေပြီဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးပိုင်က ပြောကြားသည်။
“မြန်မာနိုင်ငံမှာ ရေဒါသုံးလုံး တပ်ပေးဖို့ JICA က ဂျပန်အစိုးရကို တင်ဖို့ရှိတယ်။ အဆင့်တွေကတော့ အများကြီး ကျန်သေးတယ်။ Servey လုပ်ဖို့ အကြံပေးအဖွဲ့က ဒီရောက်နေပြီ။ စစ်တမ်း စကောက်နေပါပြီ”ဟု ၎င်းကဆိုသည်။
အဆိုပါ အဆင့်မြင့်ရေဒါစက်များ တပ်ဆင်နိုင်ရန် ဂျပန်နိုင်ငံမှ ပညာရှင်အဖွဲ့က လေဆိပ်များတွင် မြန်မာနိုင်ငံသို့ ဖြတ်ကျော်ပျံသန်းလျက်ရှိသည့် လေယာဉ်အခြေအနေများကို စစ်တမ်း ကောက်ယူမည်ဖြစ်ပြီး တပ်ဆင်သင့်သည့် ရေဒါများကို ရွေးချယ်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ရဲထွန်းထံမှသိရသည်။
လက်ရှိမြန်မာနိုင်ငံတွင် အသုံးပြုနေသော လေကြောင်းစောင့်ကြည့်သည့် ရေဒါစက်များသည် နည်းပညာပိုင်းအရ ဖြတ်ကျော်ပျံသန်းပြီး ဆင်းသက်သည့်လေယာဉ်များကို ဖမ်းယူသည့်စက်ဖြစ်ကြောင်း၊ ယခု ထပ်မံ တပ်ဆင်သည့်လေယာဉ်များသည် အပြည်ပြည်ဆိုင်ရာ လေဆိပ်များအတွက် အသုံးပြုဆင်းသက်မည့် လေယာဉ်များအတွက် အဓိက တပ်ဆင်သည့်ရေဒါစက်များဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
အပြည်ပြည်ဆိုင်ရာ လေဆိပ်များဖြစ်သည့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် လေဆိပ်များတွင် တပ်ဆင်မည့် ရေဒါများအတွက် ကြိုတင်ကောက်ယူ၍ ရရှိသော စစ်တမ်းများကို ယခုနှစ် စက်တင်ဘာလတွင် JICA အဖွဲ့သို့ တင်ပြရမည်ဖြစ်ကြောင်း ဦးစိုးပိုင်ထံမှ သိရသည်။
“လေကြောင်းထိန်းတွေအတွက် အလုပ်လုပ်ရတာ ပိုအဆင်ပြေပါလိမ့်မယ်”ဟု လေကြောင်းကျွမ်းကျင်သူတစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံအတွင်း ဖြတ်ကျော်ပျံသန်းသည့်လေယာဉ် အစင်းရေ ရာကျော်ရှိနေပြီး ယင်းတို့ကို ဝန်ဆောင်မှုပေးရန် ဆက်သွယ်ရေးဆိုင်ရာစက်၊ ရေဒါစက်စသည်ဖြင့် နည်းပညာပိုင်းဆိုင်ရာ အထောက်အကူပစ္စည်းများကို အဆင့်မြှင့်တင်ရန် လိုအပ်နေကြောင်း လေကြောင်းကျွမ်းကျင်သူများထံမှ သိရသည်။
မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် အဆင့်မြင့်ရေဒါစက်များကို ဂျပန်နိုင်ငံ၏ အထောက်အပံ့ဖြင့် ယခုနှစ်အတွင်း တပ်ဆင်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဦးသန့်စင်မောင်က ပြောကြားထားသည်။
The Voice
0 comments:
Post a Comment