စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးကျော်ဝင်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အထူးစုံစမ်းစစ်ဆေးရေး အကူအညီဖြင့် စစ်ဆေးထားချက် နိုင်ငံတော်သမ္မတထံ မေလ ၂၃ ရက်နေ့တွင် တင်ပြထားကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားလိုက်သည်။
အစိုးရ၏ ဒုတိယတစ်နှစ်စာ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ၎င်းက ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
“အဂတိကော်မရှင်က (မေလ ၂၃)ပဲ နိုင်ငံတော်သမ္မတဆီကို သူတို့ စစ်ဆေးချက်ကို တင်ထားတယ်”ဟု ဦးဇော်ဌေးက ပြောဆိုသည်။
ယင်းအပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်ကလည်း မေလ ၂၃ ရက်နေ့က ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးအပြီးတွင် မီဒီယာများနှင့်တွေ့ဆုံစဉ် “ကျွန်တော်တို့ အဲဒီကိစ္စဆိုလို့ရှိရင် ပြီးသလောက် ဖြစ်နေပါပြီ။ ဒါအမြန်ဆုံး ကျွန်တော်တို့လုပ်တာ။ ကျွန်တော်တို့ဆီကို ရောက်လာတဲ့ တိုင်ကြားစာက ၃ ရက်နေ့မှာ ရောက်တယ်။ ၇ ရက်နေ့မှာ အဖွဲ့ ဖွဲ့တယ်။ ပြီးတာနဲ့ အမြန်ဆုံးစစ်တယ်”ဟု ပြောကြားခဲ့သည်။
စစ်ဆေးချက်တွင် သက်သေယူခြင်း၊ သက်သေစစ်ဆေးရခြင်း၊ စာရွက်စာတမ်း ကြည့်ရခြင်းများပြုလုပ်ခဲ့ပြီး နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့ထံ တင်ပြသွားရမည်ဖြစ်ကြောင်း ဦးအောင်ကြည်က ပြောဆိုသည်။
ယင်းစစ်ဆေးသည့်ကိစ္စသည် ကော်မရှင်၏ လုပ်ပိုင်ခွင့်ဖြစ်ပြီး တွေ့ရှိချက်ကို နိုင်ငံတော်သမ္မတကသာ စဉ်းစားဆုံးဖြတ်၍ ထုတ်ပြန်ပေးရမည့် အခြေအနေဖြစ်ကြောင်း ဦးဇော်ဌေးက ထပ်လောင်း ပြောကြားသည်။ ယင်းအပြင် မေလ ၂၃ ရက်နေ့က ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ကော်မရှင်၏ လက်ရှိဥပဒေကို အနည်းငယ် ပြင်ဆင်၍ အတည်ပြုလိုက်သည်။
ဥပဒေဟောင်းတွင် ဟာကွက်အနည်းငယ်ရှိနေသောကြောင့် လွှတ်တော်သို့ စတုတ္ထအကြိမ် ပြင်ဆင်ရန်တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း ဦးအောင်ကြည်က ပြောဆိုသည်။
ဥပဒေအတည်ပြုလိုက်ပြီးနောက် ၎င်းက “လုံလောက်တဲ့အနေအထားရှိပါ တယ်။ ရှေ့ကို ဆက်လုပ်သွားမယ်ဆိုရင် အလုပ်လုပ်လို့ရတဲ့ အနေအထားပေါ့။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အင်းနဲ့ အားနဲ့ လုပ်သွားလို့ ရနိုင်မယ့် အနေအထားမျိုး ဖြစ်တယ်လို့ ပြောချင်ပါတယ်”ဟု ဆက်လက် ပြောကြားသည်။
“အခုဥပဒေမှာကျတော့ ကျော်ဇောသတင်း ဆိုတာလေးကို ဥပဒေထဲမှာ ထည့်ထားတယ်။ ကျော်ဇောသတင်း ဆိုတာမှာလည်း ကျော်ဇောသတင်းတိုင်းကို ပြောတာ မဟုတ်ပါဘူး။ ကျော်ဇောသတင်းဖြစ်လာပြီ ဆိုရင်ကျော် ဇောသတင်းရဲ့ အင်္ဂါရပ်နဲ့ ညီသလား။ ဘယ်လောက် အတိုင်းအတာအထိ မှန်ကန်နိုင်သလည်းဆိုတာကို သေ သေချာချာလေ့လာပြီးတော့မှ အဖွဲ့အစည်း နဲ့ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဆုံးဖြတ်ပြီး တော့မှ ကျော်ဇောသတင်းအဖြစ် တရားဝင် သတ်မှတ်ရမှာဖြစ်ပါတယ်။ အဲ့လို သတ်မှတ်ပြီးတော့မှ အဲဒီကိစ္စကိုဆက်ပြီး အရေးယူ ဆောင်ရွက်နိုင်တာဆိုတော့ ပြင်ပမှာ ဖြစ်ပွားနေတာရှိရင် တိုင်းကြားသူမရှိဘဲ အရေးယူလို့ရနိုင်တဲ့ အနေအထားဖြစ်တော့ လက်တွေ့သဘာဝနဲ့ အများကြီး ကိုက်ညီတဲ့ပြင်ဆင်ချက်လို့ ပြောချင်ပါတယ်”ဟု ဦးအောင်ကြည်က ထပ်လောင်း ပြောကြားခဲ့သည်။
ယင်းအပြင် ယခုပြင်ဆင်လိုက်သည့် ဥပဒေတွင် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေကို လုပ်ထုံးလုပ်နည်းနှင့်မညီဘဲ ဆုံးရှုံးနေမည်ဆိုပါက ဥပဒေနှင့် ငြိစွန်းနိုင်သည်ဆိုသည့်အချက်များကြောင့် များစွာ ကျယ်ပြန့်ကာ နိုင်ငံတစ်ကာ အဆင့်နှင့်လည်း ညီသွားကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားခဲ့သည်။
The Voice
0 comments:
Post a Comment