အခြေခံပညာကျောင်းများ၏ KG စနစ်သစ်သင်ရိုးစာအုပ်များတွင် အခြေခံဘာသာရပ်များနှင့် ဂီတ အပါအ၀င် အခြားအနုပညာဘာသာရပ်များပါ ထည့်သွင်းသင်ကြားထားကြောင်း မွန်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
Grade 1 (ပထမတန်း) တွင် အနုပညာဘာသာရပ်တချို့ကို သင်ကြားခဲ့ပြီး လာမည့် ဇွန်လ ကျောင်းဖွင့်ရာသီတွင် Grade 2 (ဒုတိယတန်း) သင်ရိုးညွှန်းတန်းအသစ်မှာလည်း အခြေခံဘာသာရပ်များဖြစ်သည့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ ၊ သိပ္ပံ၊ သမိုင်း စသည့် ဘာသာရပ်များအပြင် စာရိတ္တနှင့် ပြည်သူ့နီတိ၊ ပန်းချီ(အနုပညာ)၊ ဂီတ (အနုပညာ) တို့ကိုလည်း သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(ပညာ) ဒေါ်အေးမြင့်သန်းက ပြောသည်။
“ KG စနစ်သစ်မှာ တစ်နှစ်ကို တစ်တန်းသင်ရိုးအသစ်တွေ ပြောင်းလဲသွားဖို့ရှိတယ်။အရင်နှစ်က Grade 1(ပထမတန်း) သင်ရိုးညွှန်းတန်းပြောင်းရင် ဒီနှစ် Grade 2 (ဒုတိယတန်း) ပြောင်းမယ်။နောက်နှစ်ဆိုရင် တတိယတန်းပေါ့။ အခုသင်ရိုးညွှန်းတန်းအသစ်တွေမှာ အခြေခံဘာသာရပ်တွေအပြင် အနုပညာဘာသာရပ်တွေပါ သင်ကြားပို့ချပေးတယ်။နောက်ပြီး ပညာရေးဝန်ကြီးဌာနကလည်း အခြေခံပညာကျောင်းတွေမှာ ငွေကြေးကောက်ခံမှု တစ်စုံတစ်ရာ မလုပ်ဖို့ ညွှန်ကြာထားပြီးသား။ကျောင်းအပ်ခတွေလည်း အခမဲ့ပါပဲ” ဟု ၄င်းကပြောကြားသည်။
ယခင်က အိမ်မွေးလက်မှုပညာများသာ သင်ကြားခဲ့ရပြီး ဂီတကို စာသင်ကျောင်းများတွင် သင်ကြားပေးခြင်းမရှိသည့်အပြင် ကလေးငယ်များ ဂိမ်းဆော့ခြင်းထက် ဂီတ နှင့် Instrument များကို တီးခတ်သင်ကြားခြင်းက ပိုမိုအကျိုးရှိကြောင်း တေးသံရှင် ဆုန်သင်းပါရ်က ပြောသည်။
“ဒီလိုသင်ကြားပေးတာ အရမ်းကောင်းပါတယ်။ကလေးတွေက ငယ်ငယ်ကတည်းက အနုပညာဗီဇရှိရင် ပိုထူးချွန်တာပေါ့နော်။များသောအားဖြင့် ဒီမှာက (ကိုယ်တွေကအစ) တတ်တဲ့သူတွေက လက်ချိုးရေလို့ရတယ်လေ။ငယ်ငယ်ကတည်းက သင်ပေးထားတယ်ဆိုရင်အရမ်းကောင်းပါတယ်။အခြေခံတွေကောင်းလာကြမယ်။အဲ့ထဲကမှ တော်တဲ့လူတွေအများကြီးထွက်လာကြမယ်။ဂီတဆိုရင်လည်း သီချင်းကောင်းတွေထွက်လာမယ်။ အရင်ကတည်းက ရှိသင့်တာပါ။”ဟု ၄င်းက ပြောကြားသည်။
တေးသံရှင် Bobby Soxer (ထက်ထက်)ကလည်း “အနုပညာကို ကလေးတွေနဲ့ ရင်းနှီးအောင် မစိမ်းအောင်သင်ပေးတာက သဘောကျဖို့ကောင်းပါတယ်။ Talent ပါလာတဲ့လူဆိုရင်လည်း အရည်အသွေးကို သွေးလိုက်သလိုဖြစ်တာပေါ့။ထက်တို့တုန်းကတော့ ကိုယ်မသိတာရှိရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ရတာပဲ။လူကြီးတွေကို လျှောက်မေးခဲ့ရတယ်” ဟု ပြောသည်။
လက်ရှိမှာ အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ်ကလေးများကို မွေးစာရင်းမပါလည်း ကျောင်းအပ်လက်ခံပေးရန်နှင့် စာသင်နှစ်တစ်နှစ်ကို ၄ ကြိမ်သာ စာမေးပွဲစစ်ဆေးရန် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက ညွှန်ကြားထားကြောင်း သိရသည်။
Popular News Journal
0 comments:
Post a Comment