မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော သက်ငယ်မုဒိမ်းမှုများ လျော့ကျစေရန် ကြီးလေးပြစ်ဒဏ်ဖြစ်သည့် သေဒဏ်ချမှတ်ပေးနိုင်ရေးနှင့် ပညာပေးမှု အစီအစဉ်များ အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရန် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆိုကို ကချင်ပြည်နယ်လွှတ်တော်၌ တင်သွင်းခဲ့သည်။
ယင်းအဆိုကို မေလ ၂၄ ရက်နေ့က ကျင်းပသည့် ကချင်ပြည်နယ်လွှတ်တော်တွင် မိုးကောင်းမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဒေါ်မြသွေးစံက တင်သွင်းခဲ့ခြင်းဖြစ်သည်။
“လိင်ပိုင်းဆိုင်ရာ အစော်ကားခံလိုက်ရတဲ့ ကလေးငယ်တွေဟာ သူတို့ရဲ့ အနာဂတ်ကို ပျက်စီးသွားပါတယ်။ တချို့ကလေးတွေဆို ကျန်းမာရေးချို့တဲ့တာတွေ ရှိတယ်”ဟု မိုးကောင်းမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံက ပြောဆိုသည်။
လက်ရှိ ကလေးသူငယ်များနှင့် ပတ်သက်ပြီး ကာကွယ်စောင့်ရှောက်ရန် နိုင်ငံတော်အစိုးရ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်းများကလည်း ထိန်းသိမ်းစောင့်ရှောက်ထားရန်အတွက် ရည်ရွယ်ပြီး ကလေးသူငယ် ဥပဒေများကိုလည်း ပြဋ္ဌာန်းထားကြောင်း၊ ထို့ပြင် သက်ငယ်မုဒိမ်းမှုကျူးလွန်သူများကို အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်ချမှတ်ပေးခြင်းဖြင့် ပြစ်မှုကျူးလွန်မည့်သူကိုလည်း ဟန့်တားရာရောက်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ထိုသို့ကလေးငယ်များအတွက် သက်ငယ်မုဒိမ်းမှုဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းထားသော်လည်း မြန်မာနိုင်ငံအတွင်း ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ် နိုဝင်ဘာလအထိ မုဒိမ်းမှု ၃၁၆၇ မှုရှိခဲ့ပြီး ယင်းအနက်မှ သက်ငယ်မုဒိမ်းမှုဖြစ်ပွားမှု ၁၅၇၃ မှုရှိခဲ့ကြောင်း ဒေါ်မြသွေးစံက ထည့်သွင်းပြောကြားခဲ့သည်။
ယင်းအဆိုနှင့် ပတ်သက်၍ မေလ ၂၅ ရက်နေ့ ကချင်ပြည်နယ်လွှတ်တော်၌ ဆွေးနွေးဆုံးဖြတ် အတည်ပြုမည်ဖြစ်သည်။
The Voice
0 comments:
Post a Comment