မြန်မာ-ထိုင်းနယ်စပ်ရှိ မောတောင်ဒေသကို တိုင်းဒေသကြီးအစိုးရမှ Master Plan ဆွဲကာ မြို့ပုံစံဖြစ်အောင် စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောကြားသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မောတောင်ဒေသအား မြို့အဖြစ် သတ်မှတ်ကာ လုပ်ငန်းများ ဆောင်ရွက်နေသော်လည်း မြို့ပုံစံနှင့်ညီညွတ်ခြင်းမရှိကြောင်း သိရသည်။ မြို့နယ်အုပ်ချုပ်ရေးမှူးတစ်ဦးထားရှိကာ ဌာနဆိုင်ရာများ၊ နယ်စပ်ကုန်သွယ်ရေးစခန်းများ ဖွင့်လှစ်ကာ လုပ်ငန်းလည်ပတ်နေသလို ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးများကိုလည်း ရွေးချယ်ထားရှိပေးထားကြောင်း သိရသည်။ သို့ရာတွင် မောတောင်ဒေသတွင် တည်ဆောက်ထား သောအဆောက်အအုံများ၊ လမ်းအနေထားများနှင့် မြေနေရာများမှာ မြို့ပြပုံစံနှင့်ညီညွတ်ခြင်းမရှိသည့်အတွက် ရေရှည်စီမံကိန်း ချထားပေးရန် တိုင်းဒေသကြီးဝန်ကြီးမှ မောတောင်ဒေသခံများနှင့်ဧပြီ ၃၀ ရက်က တွေ့ဆုံရာတွင် ပြောကြားသည်။
“မာစတာပလန်ကို ကြည့်လိုက်ရင် မလိုလားအပ်တဲ့အပိုင်းတွေကိုလည်း တွေ့ရတယ်။ ဒီနေရာမှာ ဟိုတယ်ဇုန်ဖြစ်ရမယ့်အစား မီးသတ်စခန်းတွေ ဖြစ်နေတာမျိုး အံ့ဝင်ခွင်ကျ မရှိတဲ့ မာစတာပလန်တွေမျိုး ဖြစ်နေတာကြောင့် ကျွန်မတို့ ပြန်စစ်ပြီး တိုင်းဒေသကြီးအစိုးရမှ စစ်ဆေးဆုံးဖြတ်ပြီး လွှတ်တော်ကို တင်ပြသွားမယ်။ ဒါပြီးရင် ကျွန်မတို့ဆောင် ရွက်လို့ ရပါပြီ။ အစိုးရတာဝန်ယူနေတဲ့အချိန်က အများကြီး မကျန်တော့ပါဘူး။ အချိန်က နှစ်နှစ်ကျော်ကျော်လောက်ပဲ ရှိတော့မယ်။ မောတောင်ဒေသ ရေရှည်စီမံကိန်း ချထားပေးချင်ပါတယ်။ မာစတာပန်ကိုတင်ပြီး အကောင်ထည်ဖော်တဲ့အခါမှာလည်း ပြည်သူတွေရဲ့ အားကြိုးမာန်တက် ဆောင်ရွက်ပေးမယ့်လုပ်အားတွေ လိုအပ်ပါတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောကြားသည်။
မောတောင်ဒေသမှာ နယ်စပ်ဖြစ်သည့်အပြင် သိန်ခွန်းကြိုးဝိုင်းအတွင်း ပါဝင်နေခဲ့ပြီး သစ်တောမှ မြေယာတချို့ကို စွန့်လွှတ်ပေးထားကြောင်း သိရသည်။
“လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်ကစပြီး မောတောင်ဒေသမှာ လုပ်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးဟောင်းတွေက မြေတွေကို အကွက်ရိုက်ပြီး ရောင်းစားခဲ့တယ်။ တရားမ၀င်လုပ်ကြတာပေါ့။ နယ်စပ်ကို အကြောင်းအမျိုးမျိုးနဲ့ ရောက်လာတဲ့သူတွေကလည်း မြေတွေကို ၀ယ်ကြတယ်။ ဒီလိုနှင့်မြေကွက်တွေ၊ လမ်းတွေကအဆင် ပြေသလိုလုပ်ထားခဲ့ကြတယ်။ ပေ ၄၀ ထ ၆၀ မြေတစ်ကွက်ကို ဘတ်သုံးသောင်းလောက်ကနေ ငါးနှစ်အတွင်းမှာ ဘတ် ၁၀ သိန်းအထိ ဈေးကွက်ပေါက်ခဲ့တယ်။ နောက်ပိုင်းမှာတော့ နယ်စပ်ကုန်သွယ်ရေး အနေအထားက အထူးယာယီပဲဖြစ်နေတော့ ထင်သလောက်မဖွံ့ဖြိုးလာဘူး။ ဒါကြောင့် တချို့အိမ်တွေက မြေ၀ယ်ပြီး ပိတ်ထားတာများတယ်” ဟု မောတောင်ဒေသခံတစ်ဦးက ဆိုသည်။
မောတောင်မြို့တွင် အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နှောင်၊ အောင်ဇေယျ၊ ဗန္ဓုလ၊ အေးသာယာစသည့် ရပ်ကွက် ခြောက်ခုရှိပြီး တရားဝင်စာရင်းများအရ မြေဧက ၇၂၆၀ တွင် မြို့သစ်တည်နေကာ လူဦးရေ ၃၆၀၀ ကျော်ရှိကြောင်း သိရသည်။
ဇော်မိုးဦး
Eleven Media Group
0 comments:
Post a Comment