Tuesday, February 26, 2019

ကျိုက်ထီးရိုးတောင်ထိန်းသိမ်းကာကွယ်ရေး ကနဦး အစီရင်ခံစာ ပြည်နယ်အစိုးရသို့ တင်မည်

ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးတောင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြလာသည့် မွန်ပြည်နယ်လွှတ်တော် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ကြည့်ရေးကော်မတီ၏ ကနဦး အစီရင်ခံစာကို မှတ်တမ်းတင်ထားရှိပြီး ပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြမည်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောကြားသည်။ 
ထိုကနဦး အစီရင်ခံစာကို မွန်ပြည်နယ်လွှတ်တော် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေး ကော်မတီမှ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ပြုလုပ်သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့တွင်တင်သွင်ခဲ့ပြီး အစည်းအဝေး စတုတ္ထနေ့တွင် လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြသည်။ 

ထိုဆွေးနွေးချက်တွင် ချောင်းဆုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြက ရသေ့တောင်နှင့် ရေတံခွန်တောင်ရှိ အမှိုက်များကို အမှိုက်ခွဲစက်ရုံသို့ရောက်ရှိရန်အတွက် ဝန်းထမ်းများထားရှိခြင်း၊ အမှိုက်စွန့်ပစ်မှုစနစ်ကိုလည်း စနစ်တကျ စီမံထားရှိရန်လိုအပ်ကြောင်း၊ တောင်ပေါ်ရှိ အမှိုက်ခွဲစက်မှာလည်း တစ်ရက်လျှင် အမှိုက် ၁၀ တန်သာ ဖျက်နိုင်ကြောင်း၊ ယင်းစက် စမ်းသပ်လည်ပတ်ချိန်တွင် တစ်ရက်လျှင် ဝန်ထမ်း ၁၅ ဦး ခန့်ထားရမည်ဖြစ်သော်လည်း လက်ရှိတွင် ငါးဦးသာ ခန့်ထားနိုင်ကြောင်း ပြောဆိုသည်။ 

“ဘုရားဖူးနဲ့ ဈေးဆိုင်တန်းတွေကို အမှိုက်ကို စနစ်တကျ စွန့်ပစ် သိုလှောင်ထားတတ်ဖို့ အသိပညာပေးသင့်တယ်၊ အမှိုက်သိမ်းသမားတစ်ယောက်က တစ်ရက်မှာ လုပ်အားခ ၉၀၀၀ ကျပ်နှုန်းနဲ့ပဲ ရနေတယ်၊ အမှိုက်သိမ်းဖို့ ဆိုတာက သူများစာကြွင်းစားကျန်ကအစ မရွံမရှာ သိမ်းရတယ်၊ ဒီလိုအလုပ်မျိုးဆိုတာ ထိုက်သင့်တဲ့လုပ်အားခ ပေးဖို့လိုတယ်၊ ဒါမှ အမှိုက်တွေကို အမှိုက်ခွဲစက်ရုံကို ရောက်မှာပါ”ဟု ဒေါ်ကြည်ကြည်မြက ထောက်ပြသည်။ 

ထိုမျှမက ရေးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်မှလည်း ကျိုက်ထီးရိုးတောင် အမှိုက်ရှင်းလင်းရေး ကိစ္စရပ်နှင့်ပတ်သက်၍ ပြည်နယ်လွှတ်တော်တွင် အဆိုတစ်ရပ်အနေနှင့်တင်ပြခဲ့ပြီး ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးမှလည်း အမှိုက်ခွဲစက်နှင့်ပတ်သက်၍ ပြည်နယ်အစိုးရဘတ်ဂျက်တွင် ထည်သွင်းရေးဆွဲထားသည့် ကိစ္စရပ်များကိုလည်း ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။ 

ကနဦး အစီရင်ခံစာနှင့်ပတ်သက်၍ အစီရင်ခံစာ တင်သွင်းခဲ့သည့် ဘီးလင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်နိုင်ဦးက “တောင်ပေါ်မှာ အမှိုက်ဖျက်စီးမယ့်နည်းလမ်းကို မူဝါဒတစ်ခုအနေနဲ့ တိတိကျကျချဖို့ လိုအပ်တယ်၊ ဒီလိုမူဝါဒချဖို့အတွက်ကိုလည်း နာယကအဖွဲ့တွေကနေ လမ်းညွှန်ပေးရမယ့်တာဝန်ရှိတယ်၊ နာယကအဖွဲ့တွေက ဩဝါဒဇရိယ ဆရာတော်တွေရဲ့ ဩဝါဒကိုခံယူပြီး အကောင်ထည်ဖော်ဖို့ လိုအပ်ပါတယ်၊ ဒီအလုပ်ကိုလုပ်ဖို့ကလည်း အရင်ဆုံး ပညာရှင်တွေရဲ့ အကူအညီကိုယူပြီး စစ်တမ်းအရင်ကောက်ပြီးမှ သတ်မှတ်ချက်တွေ ချမယ်ဆိုရင် ပိုပြီးကောင်းလိမ့်မယ်”ဟု ဖြည့်စွက်ဆွေးနွေးခဲ့သည်။ 

ထိုကျိုက်ထီးရိုး စေတီတော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် စပ်လျဉ်းသည့် ကနဦးအစီရင် ခံစာတွင် Sky Asia ကုမ္ပဏီ၏ ကေဘယ်ကားစီမံကိန်း၊ TMA ကုမ္ပဏီ၏ ကျိုက်ထီးရိုးရင်ပြင်တော် အမှိုက်ခွဲခြား သန့်စင်စက်၊ ကျိုက်ထီးရိုး ရင်ပြင်တော်နှင့် ပတ်ဝန်းကျင်ရှိ အမှိုက်ကိစ္စ စီမံခန့်ခွဲမှု အခြေအနေ၊ ကျိုက်ထီးရိုတောင်ရှိ ရေဆိုးစွန့်ပစ်စနစ် မိလ္လာစနစ်နှင့် ရေဖြန့်ဝေမှု၊ ဘဏ္ဍာတော် အခြေအနေ၊ ဂေါပကအဖွဲ့၏ တာဝန်ရှိမှု တာဝန်ခံမှုဆိုင်ရာ ပြဋ္ဌာန်ချက်များနှင့် အထွေထွေ သုံးသပ်ချက်တို့ကို အကြံပြုထားသည်။

The Voice

0 comments:

Post a Comment