Tuesday, February 26, 2019

တရုတ်ကုန်စည်များအပေါ် နောက်ထပ်အခွန်တိုးမြှင့်မှုအမေရိကန် ဆိုင်းငံ့ထားမည်


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်ကုန်စည်များအပေါ် နောက်ထပ် အခွန်တိုးမြှင့်ရေးအစီအစဉ်ကို ဆိုင်းငံ့ထားဦးမည်ဟု ကြေညာလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ 
တရုတ်ကုန်စည်များအပေါ် သွင်းကုန် အခွန် ၁၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းသို့ တိုးမြှင့်မည့် အစီအစဉ်သည် မူလအစီအစဉ်အရ မတ်လ ၁ ရက်တွင် ပြန်လည်သက်ရောက်မည်ဖြစ်သည်။ 

အမေရိကန်နှင့် တရုတ်သည် ပြီးခဲ့သော သီတင်းပတ်ကုန်ရက် ဆွေးနွေးပွဲများတွင် သိသာသော တိုးတက်မှုများ ရရှိခဲ့ကြသည်ဟု ထရမ့်က ပြောကြားသည်။ 

အကယ်၍ ပိုမိုတိုးတက်မှုများ ရှိလာပါက သဘောတူညီချက် ပိုမိုခိုင်မာစေရန် ဖလော်ရီဒါတွင် သမ္မတရှီကျင့်ဖျင်နှင့် ထိပ်သီးဆွေးနွေးပွဲ ကျင်းပရန် စီစဉ်မည်ဟု ထရမ့်က ပြောကြားသည်။ 

ဘေဂျင်း၌ ပြုလုပ်နေသော ဆွေးနွေးပွဲများတွင် သိသာသော တိုးတက်မှုများ ရှိခဲ့ကြောင်းနှင့် အထူးသဖြင့် နည်းပညာလွှဲပြောင်းမှု၊ အသိပညာ မူပိုင်ခွင့် အကာအကွယ်ပေးရေးနှင့် စိုက်ပျိုးရေးကဲ့သို့သော ကိစ္စရပ်များတွင်ဖြစ်ကြောင်း တရုတ်အစိုးရ Xinhua သတင်းဌာနကလည်း ထုတ်ပြန်ခဲ့သည်။ 

တရုတ်ကုန်စည် ဒေါ်လာ ၂၀၀ ဘီလီယံဖိုးအပေါ် အခွန်တိုးမြှင့်ရေးကို ဆိုင်းငံ့ထားမည့် သမ္မတထရမ့်၏ ဆုံးဖြတ်ချက်သည် နှစ်ဖက်စလုံး အထိနာနေသော ကုန်သွယ်ရေးစစ်ပွဲ ညှိနှိုင်းဖြေရှင်းမှုများတွင် တိုးတက်မှုရရှိနေသော လက္ခဏာဖြစ်သည်ဟု ယူဆရသည်။ 

ကမ္ဘာ့စီးပွားရေး အင်အားကြီး နှစ်နိုင်ငံ၏ ကုန်သွယ်ရေးအငြင်းပွားမှုတွင် ထိလွယ်ရှလွယ်အဖြစ်ဆုံး အာရှစတော့ ဈေးကွက်သည် တနင်္လာနေ့က ပြန်လည် မြင့်တက်လာခဲ့သည်။ 

ဝါရှင်တန်တွင် ပြုလုပ်ခဲ့သော နောက်ဆုံးဆွေးနွေးမှုများတွင် ငွေကြေး ထိန်းချုပ်မှုဆိုင်ရာ သဘောတူညီချက် အပါအဝင် တိုးတက်မှုများ ရရှိခဲ့သည်ဟု သမ္မတထရမ့်က ယခင်အပတ်က ပြောဆိုခဲ့သည်။ သို့ရာတွင် အသေးစိတ် အချက်အလက်များကိုမူ ထရမ့်က ပြောဆိုခြင်း မပြုခဲ့ပေ။ 

သောကြာနေ့က သတင်းရင်းမြစ်များကမူ တရုတ်ဘက်မှ အမေရိကန်ကုန်စည် ၁ ဒသမ ၂ ဘီလီယံဖိုး ဝယ်ယူရန် ကတိပေးခဲ့သော်လည်း အသိပညာမူပိုင်ခွင့် ကိစ္စတွင် တိုးတက်မှုမရှိသေးဟု ပြောကြားခဲ့သည်။ 

တရုတ်တို့သည် အမေရိကန်ကုမ္ပဏီများ၏ အသိပညာမူပိုင်ခွင့်ကို ခိုးယူနေပြီး အမေရိကန်နည်းပညာများကို တရုတ်ကုမ္ပဏီများထံ လွှဲပြောင်းပေးရန် အတင်းအကျပ် စည်းကမ်းသတ်မှတ်ခဲ့သည်ဟု အမေရိကန်ဘက်က စွပ်စွဲထားသည်။ 

အမေရိကန်-တရုတ် ကုန်သွယ်ရေး စစ်ပွဲသည် စီးပွားရေးလုပ်ငန်းများကို နှေးကွေးသွားစေပြီး ကမ္ဘာ့စီးပွားရေးအပေါ် ရိုက်ခတ်လာမည့်အရေး စိုးရိမ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ 

The Voice 

0 comments:

Post a Comment