Tuesday, February 26, 2019

အသက်ပေးပြီး အစိုးရကိုဖြုတ်ချခဲ့သော သတင်းသမား


၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က သတင်းထောက် ဂျာနယ်လစ်တစ်ဦးဖြစ်သူ ယန်ကူးရှက် (Jan Kuciak) နှင့် သူ၏ ဇနီးလောင်း မာတီနာတို့နှစ်ယောက် စလိုဗေးကီးယားနိုင်ငံ၏မြို့တော် ဘရာတီဆလာဗာမြို့အနီးရှိ သူတို့၏ နေအိမ်တွင် သေနတ်ဖြင့် အသေပစ်သတ်ကာ လုပ်ကြံခြင်း ခံလိုက်ရသည်။ 
ယန်ကူးရှက်က အသက် ၂၇ နှစ်သာရှိသေးသည်။ သူသည် နိုင်ငံအတွင်း အီတလီမာဖီးယားများနှင့် ဆလိုဗက် နိုင်ငံရေးသမားတို့ပူးပေါင်းကာ အဆင့်မြင့်ထိပ်တန်း အရာရှိများ၏ အကျင့်ပျက်ခြစားမှုများ၊ လာဘ်စားမှုများ၊ အခွန်တိမ်းရှောင်မှုများကို ထောက်လှမ်းဖော်ထုတ် ရေးသားနေသော သတင်းသမားတစ်ဦးလည်းဖြစ်သည်။ ပြည်သူတို့ထံ သတင်းအမှန်များကို တင်ပြပေးနေသူ သတင်းသမားတစ်ဦး လုပ်ကြံခံလိုက်ရသည်ဆိုခြင်းကြောင့် တစ်နိုင်ငံလုံး တုန်လှုပ်သွားပြီး ပြည်သူတွေ လမ်းပေါ်ထွက်လာ၍ ဆန္ဒပြကြရာ ၁၉၈၉ ခုနှစ်တွင် ဖြစ်ပွားသော ကတ္တီပါတော်လှန်ရေးပြီးလျှင် အကြီးကျယ်ဆုံးသော လူထုလှုပ်ရှားမှုကြီးတစ်ခု ဖြစ်ခဲ့ရသည်။ 

ကူးရှက်သည် နိုင်ငံရေးသမားတို့၏ အကျင့်ပျက် လာဘ်စားမှု အစတစ်စကို ဆွဲထုတ်ရန်လုပ်နေစဉ် လုပ်ကြံခံလိုက်ရခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက ထောက်ပြဝေဖန်ကြသည်။ သူ့ကို ထောက်ခံဆန္ဒ ပြသူများက အစိုးရကို ဖိအားတွေပေးနေကြသည်။ အကျိုးဆက်တွေက ဘာဖြစ်ခဲ့သနည်း။ 

ဆန္ဒပြသူတွေက လူသတ်သမားများကို ဖော်ထုတ်ပေးရန် လမ်းတွေပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြသည်။ ရဲတွေက ယန်ကူးရှက်နှင့် ဇနီးလောင်းတို့အား သတ်သူအဖြစ် သံသယရှိသူ ၈ ဦးကို ဖမ်းဆီးလိုက်ကြောင်း ၂၀၁၈ ခုနှစ် မတ်လက ထုတ်ပြန်ကြေညာခဲ့သည်။ ကူးရှက်သည် အီတလီမားဖီးယားဂိုဏ်းနှင့် ဆလိုဗက် နိုင်ငံရေးသမားတို့ အဆက်အသွယ်များကို ဖော်ထုတ်ရန် ပြင်ဆင်နေစဉ် လုပ်ကြံခံလိုက်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ 

ကူးရှက်သည် အီတလီနိုင်ငံတွင် နာမည်ကြီးနေသည့် မာဖီးယားဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်သော Ndrangheta နှင့် နိုင်ငံရေးသမားများ ဆလိုဗေးကီးယား အရှေ့ပိုင်းတွင် ခြေရှုပ်နေမှုများကို ထောက်လှမ်းပြီး ဖော်ထုတ်ရန် ပြင်ဆင်နေစဉ် အသတ်ခံလိုက်ရခြင်း ဖြစ်သည်။ 

ယူကရိန်းနယ်စပ်ဒေသတစ်ဝိုက်တွင် ဥရောပသမဂ္ဂက ထောက်ပံ့သည့်ငွေကြေးများကို စီးပွားရေးလုပ်ငန်းရှင်ကြီးများက အလွဲသုံးစားလုပ်နေခြင်းများအား ကူးရှက်က ခြေရာခံထားသည်။ အန်တိုနီယို ဗာဒါလာဆိုသူ လုပ်ငန်းရှင်ကြီးတစ်ယောက်သည် ကူးရှက်အား သတ်ဖြတ်မှုတွင် သံသယရှိသဖြင့် ရဲတွေက ဖမ်းထားသော်လည်း ပြန်လွှတ်ပေးလိုက်သည်။ 

ဆလိုဗေးကီးယားနိုင်ငံရှိ မြို့ကြီးပေါင်း ၂၅ မြို့တွင် ကူးရှက်အားသတ်ဖြတ်မှုနှင့် ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြရာ လူပေါင်း ၂၀၀၀၀ ကျော်သည် ဘရာတီဆလာဗာမြို့တော် အစိုးရအဆောက်အအုံအထိ ချီတက်ခဲ့ကြသည်။ ထိုလူထုကို ဦးဆောင်နေသူမှာ သမ္မတ အန်ဒရက် ကစ္စကာကိုယ်တိုင်ဖြစ်သည်။ ဆန္ဒပြသူတွေက - 

“သတင်းသမားကို သတ်တာ ငါတို့အားလုံးကို သတ်တာပဲ”ဟု ကြွေးကြော်ကာ ဆန္ဒပြကြသည်။ 

ယန်ကူးရှက်ကို ၁၉၉၀ ပြည့်နှစ် မေလ ၁၇ ရက်နေ့တွင် မွေးဖွားသည်။ သူသည် ဆလိုဗေးကီးယား နိုင်ငံ လွတ်လပ်ရေးရပြီးနောက် ပထမဆုံး အသတ်ခံရသည့် သတင်းသမားတစ်ယောက်လည်းဖြစ်သည်။ ကူးရှက် အသတ်ခံရမှုတွင် သမ္မတနှင့်အတိုက်အခံများ ဆန္ဒပြပြည်သူများကတစ်ဖက်၊ ဝန်ကြီးချုပ် ရောဘတ်ဖီကိုနှင့် အစိုးရအဖွဲ့ဝင်များကတစ်ဖက် နှစ်ခြမ်းကွဲသွား ပြီး အစိုးရအဖွဲ့အတွင်းမှာပင် တိုက်ပွဲတွေပြင်းထန်ခဲ့သည်။ 

ပြည်သူတွေ၏အသံက အရှိန်တက်လာပြီး နောက်ဆုံးတွင် ဝန်ကြီးချုပ် ဖီကိုနှင့် သူ၏ အစိုးရအဖွဲ့တစ်ဖွဲ့လုံး နုတ်ထွက်သွားခဲ့ရသည်အထိ ဖြစ်သွားရတော့သည်။ ရဲတပ်ဖွဲ့က ကူးရှက်ကို သတ်ခဲ့သူ ၈ ဦးကို ဖော်ထုတ်ခဲ့ပြီး ၃ ဦးမှာ လူသတ်မှုနှင့် တာဝန်အရှိဆုံးအဖြစ် အပြစ်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ 

ကူးရှက်သည် သတင်းစာသင်တန်းဘွဲ့ကို မာစတာအထိ တက်ရောက်အောင်မြင်ခဲ့သူဖြစ်ပြီး ကွန်စတန်တင် တက္ကသိုလ်တွင် ဒဿနိကဗေဒဘွဲ့လည်း ရခဲ့သည်။ သူက ပြည်သူ့မီဒီယာဆက်သွယ်ရေးဘာသာရပ်ကို ဘွဲ့လွန်အဖြစ်ဆက်တက်ပြီးနောက် မာစတာဘွဲ့ရခဲ့သည်။ သူ၏ ဒေါက်တာဘွဲ့အတွက်ပြင်ဆင်ရင်း သတင်းမီဒီယာဆိုင်ရာ ဘာသာရပ်များကို ပို့ချသင်ကြားပေးနေသူတစ်ဦးလည်းဖြစ်သည်။ 

သူမကွယ်လွန်မီ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့က ဆောင်းပါးတစ်ပုဒ်ကို ရေးသားခဲ့သည်။ သူက စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်သူ မာရီယန်ကိုဆနာအကြောင်းကို ရေးသားခြင်းဖြစ်သည်။ ကိုဆနာ သည် TV Markiza ဆိုသည့် ရုပ်သံလုပ်ငန်းကြီးတစ်ခုကို လုပ်ပိုင်ခွင့်ရခဲ့ပြီး ၁၉၉၈ ခုနှစ်ကတည်းက အောင်မြင်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်လာသည်။ သူ့ကို SIS ဟုခေါ်သည့် နိုင်ငံတော် ထောက်လှမ်းရေးအဖွဲ့က နောက်ကွယ်မှ အပြည့်အဝ အကူအညီပေးနေသည်။ ကူးရှက်က ကိုဆနာ နိုင်ငံတော်၏ အခွန်ငွေများကို တိမ်းရှောင်နေသူတစ်ဦးဖြစ်ကြောင်း ဖွင့်ချလိုက်သောကြောင့် ဟိုးလေးတကျော်ဖြစ်သွားခဲ့ရသည်။ 

ကူးရှက်ဖော်ထုတ်ထားသည့် သတင်းထဲ၌ ကိုဆနာသည် ဇိမ်ခံအထက်တန်းကျသည့် အဆောက်အအုံကြီးများကို ပိုင်ဆိုင်ထားရုံမက ကိုယ်တိုင်လည်း ထိုအဆောက်အအုံများကို အရောင်းအဝယ်လုပ်နေသူ တစ်ဦးဖြစ်ကြောင်းနှင့် ထိုလုပ်ငန်းများက ရရှိသည့် ဝင်ငွေများမှာ စာရင်းပျောက်ဖြစ်နေပြီး အစိုးရကို အခွန်ဆောင်ခြင်း မရှိကြောင်း ထုတ်ဖော်ခဲ့သည်။ ကိုဆနာတစ်ယောက် ဆတ်ဆတ်ခါနာသွားပြီး ကူးရှက်နှင့် မိသားစုအပေါ် ခြိမ်းခြောက်မှုများ စတင်လုပ်ခဲ့သည်။ ကိုဆနာက သူ့ကို ဂုဏ်သိက္ခာကျဆင်းအောင်လုပ်သည်ဆိုကာ တရားစွဲသည်။ 

အခင်းဖြစ်သည့်နေ့တွင် ကူးရှက်သည် ဘရာတီ ဆလားဗားမြို့နှင့် မိုင် ၄၀ ခန့်ကွာဝေးသည့် ရွာလေး တစ်ရွာရှိ သူ့အိမ်တွင် ရောက်နေသည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ရဲတပ်ဖွဲ့သို့ ဖုန်းတစ်ကြိမ်ခေါ်သည်။ ထို့နောက် လေးရက်တိုင် အဆက်အသွယ် မရဖြစ်ခဲ့သည်။ ကူးရှက်၏ ဇနီးလောင်းလေးသည် နေ့စဉ် သူ့မိခင်ထံ ဖုန်းဆက်တတ်သည်။ မာတီနာက သူ့အိမ်ကို ဖုန်းခေါ်သည်မှာလည်း ဖေဖော်ဝါရီ ၂၁ ရက်နေ့လယ်က နောက်ဆုံးဖြစ်သည်။ 

ရဲတပ်ဖွဲ့က ကူးရှက်၏အိမ်ကိုသွားရောက်ပြီး ကြည့်သည်။ ကူးရှက်နှင့် မာတီနာတို့ နှစ်ယောက်စလုံး သေနေကြပြီဖြစ်သည်။ ကူးရှက်က ရင်ဘတ်တွင် နှစ်ချက် အပစ်ခံထားရပြီး မာတီနာက နဖူးတည့်တည့်တွင် သေနတ်နှင့်တစ်ချက် အပစ်ခံထားရခြင်းဖြစ်သည်။ သူတို့နှစ်ယောက်စလုံးကို ၉ မမ ကာလီဘာသေနတ်ဖြင့် ပစ်သတ်ထားသည်။ အိမ်ရှိမည်သည့်ပစ္စည်းမျှ ခြေရာလက်ရာ မပျက်ဘဲရှိသည့်အပြင် မပစ်ရသေးသည့် ကျည်ဆန်များကိုပါ နေရာအနှံ့တွေ့ရသည်။ သူတို့ကို ဖေဖော်ဝါရီ ၂၂ နှင့် ၂၅ ကြားတွင် သတ်ခဲ့ခြင်းဖြစ်မည်ဟု ယူဆကြသည်။ 

ကူးရှက်တို့အသတ်ခံလိုက်ရသည့်သတင်းက တောမီးလိုပျံ့သွားသည်။ ပြည်သူတွေ လမ်းပေါ်ရောက်လာကြသည်။ သူ့ကို ဂုဏ်ပြုသည်။ ဘရာတီဆလာဗာမြို့ရှိ ဆလိုဗက်အမျိုးသားတော်လှန်ရေးပန်းခြံအတွင်း ဖယောင်းတိုင်တွေထွန်းပြီး ဆုတောင်းပေးကြသည်။ ထို့ပြင် ကူးရှက်အလုပ်လုပ်သည့် Aktuality.sk သတင်းဌာနရှေ့တွင်လည်း ဖယောင်းတိုင်နှင့် ပန်း များဖြင့် ဆုတောင်းပေးကြသည်။ သမ္မတကလည်း ဆလိုဗေးကီးယားတွင် ဤသို့သောအဖြစ်မျိုး ဖြစ်ပေါ် ခဲ့ရခြင်းအတွက် တုန်လှုပ်မိကြောင်း ထုတ်ဖော်ပြောကြားသည်။ 

ပြည်သူတွေ ဆန္ဒထုတ်ဖော်မှုများက ပိုပြီး အရှိန်မြင့်လာသည်။ တစ်နိုင်ငံလုံး မြို့ကြီး ၁၇ မြို့တွင် ကန့်ကွက်ဆန္ဒပြပွဲများ ချီတက်ပွဲများလုပ်ခဲ့ကြသည်။ မြို့တော် ဘရာတီဆလာဗာ၌ပင် လူ ၆၀၀၀၀ ကျော် ချီတက်ဆန္ဒပြခဲ့ကြသည်။ တက္ကသိုလ်ကျောင်းသားတွေကလည်း မိမိတို့တက္ကသိုလ်တိုင်းတွင် ကန့်ကွက်ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။ တက္ကသိုလ်ပေါင်း ၂၁ ခုသည် နေ့ဝက်သာတက်ပြီး ဆန္ဒပြပွဲများကို ပူးပေါင်းပါဝင်ခဲ့ကြသည်။ 

နောက်ဆုံးတွင် ဝန်ကြီးချုပ် ဖီကိုနှင့် အစိုးရအဖွဲ့ နုတ်ထွက်သွားခဲ့သော်လည်း ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပေါ်နေခဲ့သည်။ တော်လှန်ရေးပြီးပြီဟု ယူဆထားသော လူကြီးများအနေနှင့် မျိုးဆက်သစ်တို့၏ ပထမဆုံး တော်လှန်မှုကို ပြန်လည်ရင်ဆိုင်ရပြီး ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပပေးဆိုသည့် တောင်းဆိုချက်များကိုပါ ရင်ဆိုင်ခဲ့ကြရသည်။ 

လူသတ်မှုကိုထုတ်ပြန်သည့်နေ့မှာပင် ဆလိုဗက် ရဲတပ်ဖွဲ့ရဲမှူးကြီး တီဘော်ဂက်စ်ပါက စုံစမ်းစစ်ဆေးမှုကို အဖွဲ့များဖွဲ့ကာ စတင်စစ်ဆေးနေပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ အစိုးရအဖွဲ့ကလည်း ကူးရှက်သတ်မှုကို ဖော်ထုတ်ရန်အတွက် ယူရို ၁ သန်း အစိုးရဘတ်ဂျက်ထဲမှ အသုံးပြုခွင့်ပေးခဲ့သည်။ ပြည်ထဲရေးဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့ နုတ်ထွက်ကြောင်း ကြေညာသော်လည်း ပြည်သူတွေက မကျေနပ်ဘဲ ဆန္ဒပြပွဲများကို ဆက်ပြီးလုပ်ခဲ့ကြသည်။ 

လူသတ်မှုကို စတင်ဖော်ထုတ်ပြောကြားခဲ့သည့် နေ့မှာပင် ဝန်ကြီးချုပ် ဖီကိုသည် အတိုက်အခံ နိုင်ငံရေးသမားများကို ခေါ်ပြီး ပုံကြီးမချဲ့ကြရန် ပြောဆိုသတိပေးသေးသည်။ အတိုက်အခံတွေကလည်း လက်ရှိ အာဏာရ Smer-SD ပါတီအနေနှင့် ထိုလူသတ်မှုတွင် သွယ်ဝိုက်ပြီး ပတ်သက်နေကြောင်း စွပ်စွဲကြသည်။ အတိုက်အခံ OlaNO ပါတီမှ ပါလီမန်အမတ် ဗီရိုနီကာက ၁၉၉၆ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ရဲတပ်ဖွဲ့အရာရှိ ရောဘတ်ရီးမီးရပ်စ် လုပ်ကြံခံရမှုနှင့် အတူတူဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုစဉ်က ရဲအရာရှိ အသတ်ခံရခြင်းကလည်း အီတလီ မာဖီးယားဂိုဏ်းနှင့် ဆက်စပ်နေသည်။ ရဲအရာရှိကို ထိုစဉ်က ဝန်ကြီးချုပ် ဗလာဒီမာ မက်ဆီယာက သတ်ခိုင်းခဲ့ခြင်းဖြစ်သည်။ 

ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် အတိုက်အခံပါတီနှင့် လွတ်မြောက်ရေးနှင့် ညီညွတ်ရေးအဖွဲ့တို့က ပြည်ထဲရေးဝန်ကြီးနှင့် ရဲမှူးတို့ကို နုတ်ထွက်ရန် တောင်းဆိုကြသည်။ မတ်လ ၄ ရက်နေ့တွင် သမ္မတ ကစ္စကာကိုယ်တိုင် နိုင်ငံတော်ပိုင် ရုပ်သံလိုင်းကတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့သည်။ သမ္မတက တိုင်းပြည်ညီညွတ်အောင် ဆောင်ရွက်မည်ဖြစ်ပြီး နှစ်ခြန်းမကွဲစေရဟု ကတိပေးသည်။ သူက ပါလီမန်အတွင်း ခေါင်းမာသည့် ဝန်ကြီးများကို အပြောင်းအရွှေ့များလုပ်မည်ဟု ပြောသည်။ ထို့ပြင် ကြားဖြတ်ရွေးကောက်ပွဲတစ်ခုကိုလည်း လုပ်ကောင်းလုပ်မည်ဟု ကတိပေးသည်။ 

သမ္မတမိန့်ခွန်းက ဝန်ကြီးချုပ်ဖီကိုအတွက် ဒေါသထွက်စရာဖြစ်သွားသည်။ သူ့ကို သမ္မတက အတိုက်အခံများနှင့် ပူးပေါင်းရန် အမိန့်ပေးနေခြင်းကြောင့်ဖြစ်သည်။ ထို့ပြင် ဝန်ကြီးချုပ် ဖီကိုက သမ္မတသည် ဟန်ဂေရီ-အမေရိကန် ဘီလီယံနာ သူဌေးကြီး ဂျော့ဆိုးရော့စ်နှင့် ပူးပေါင်းကာ မိမိထံမှ အာဏာသိမ်းရန် ကြံစည်နေသည်ဟု ပြန်လည် စွပ်စွဲလိုက်သည်။ 

လူသတ်မှုဖြစ်ပြီး နှစ်ရက်အကြာတွင် ယဉ်ကျေးမှုဝန်ကြီး နုတ်ထွက်သွားသည်။ ဖိအားများကြောင့် ပြည်ထဲရေးဝန်ကြီးနှင့် ဒုဝန်ကြီးထပ်မံနုတ်ထွက်သွား ပြန်သည်။ ပါလီမန်အတွင်း နိုင်ငံရေးအလှည့်အပြောင်းနှင့် ပူးပေါင်း ဘက်ပြောင်းမှုများ ဖြစ်ကုန်သည်။ မတ်လ ၁၄ ရက်နေ့တွင် သမ္မတကစ္စကာထံ ဝန်ကြီးချုပ် ဖီကို လာတွေ့သည်။ သူ့နုတ်ထွက်လွှာကို သမ္မတထံပေးအပ်ပြီး ရာထူးစွန့်လွှတ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ 

ကူးရှက်ကို သတ်ဖြတ်ခြင်းအား ၈ ယောက် အဖမ်းအဆီးပြထားသော်လည်း သတင်းသမားများက လူသတ်မှုတွင် အရေးကြီးသူမပါသေးဟု ဝေဖန်ကန့်ကွက်ထားသည်။ သတင်းသမားတစ်ယောက်ကို စီးပွားရေးသမားတွေက မာဖီးယားဂိုဏ်းသားတွေနှင့်ပေါင်းကာ ခြိမ်းခြောက်နေမှုများကို သိသိနှင့် အကာအကွယ် မပေးနိုင်သည့် အစိုးရအပေါ် ပြည်သူတွေက ပေါက်ကွဲနေကြခြင်းဖြစ်သည်။ 

တိုင်းပြည်၏ စတုတ္ထမဏ္ဍိုင်ကို ခိုင်မာအောင် တည်ဆောက်ပြီး အကျင့်ပျက်ခြစာမှုများကို ဖော်ထုတ်ရန် ကြိုးစားနေသူ ကူးရှက်ကတော့ အသက်ပေးသွားခဲ့ရပြီဖြစ်သည်။ သို့သော် နိုင်ငံရေးကိုပါ ကိုင်လှုပ်သွားနိုင်လောက်သည့် သူ၏ သက်စွန့်ဆံဖျား ကြိုးစားခဲ့မှုမှာ သမိုင်းတွင်တော့မည်ဖြစ်သည်။ သူသည် အသက်နှင့်ရင်းပြီး နိုင်ငံရေးလောက တစ်ခုလုံးကိုပါ ကိုင်လှုပ်သွားနိုင်ခဲ့သူဖြစ်သည်။ 

ကျော်ဗလ 
(Ref: Euro News, BBC, Al Jazeera News)
The Voice


0 comments:

Post a Comment