Sunday, February 3, 2019

ဧရာဝတီမြစ်ဆုံရေကာတာ တည်ဆောက်ခြင်းကို အပြီးတိုင်ဖျက်သိမ်းရေး ဆောင်ရွက်ရန် အရပ်ဘက်လူ့အဖွဲ့အစည်းများက ယာယီကော်မတီဖွဲ့စည်း


ဧရာဝတီမြစ်ဆုံရေကာတာတည် ဆောက်ခြင်းကို အပြီးတိုင်ဖျက်သိမ်းရေးအတွက် ဆောက်ရွက်သွားရန် အရပ်ဘက် လူ့အဖွဲ့အစည်းများက ယာယီကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ 
ဖေဖော်ဝါရီ ၃ ရက်က မြောက်ဒဂုံမြို့နယ်ရှိ နာရေးကူညီမှုအသင်း (ရန်ကုန်) သုခခန်းမတွင် ပြုလုပ်ခဲ့သည့် မြစ်ဆုံရေကာတာ တည်ဆောက်ခြင်းကို အပြီးတိုင် ရပ်တန့်ဖျက်သိမ်းရေး ပညာရှင်များ ဟောပြောပွဲနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများ တွေ့ဆုံပွဲတွင် အရပ်ဘက်လူ့အဖွဲ့အစည်းများက ယာယီကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ 

လုပ်ငန်းဖော်ဆောင်ရေးကော်မတီ တာဝန်ခံဖြစ်သူ ကိုစိုးကျော်သူက မြစ်ဆုံကိစ္စသည် နိုင်ငံ၏ အမျိုးသားရေးတာဝန်တစ်ရပ်လို သဘောထားရမှာဖြစ်ပြီး မြစ်ဆုံမှာ တမံဆောက်ဖို့၊ ဆည်ဆောက်ဖို့ကို လုံးဝကန့်ကွက်ရမည်ဖြစ်ကြောင်းနှင့် ယခုဆွေးနွေးပွဲတွင် ယာယီကော်မတီတစ်ရပ်ကို ဖွဲ့စည်းကြောင်း ပြောကြားသည်။ 

“ကျွန်တော်တို့ အရပ်ဘက် အဖွဲ့အစည်းတွေ အားလုံးနဲ့တွေ့ဆုံတယ်။ တွေ့ဆုံပြီးတဲ့အခါမှာ အစိုးရက ပြောပြောနေတဲ့ ပြည်သူ့အသံ ဆိုတာရယ်၊ နောက်ပြီး အတိုက်အခံပါတီဘက်က ပြောပြောနေတဲ့ ပြည်သူ့အသံ ဆိုတာရယ်၊ ပြည်သူ့အသံတွေ ကြားဖို့အတွက်ကို ဘယ်လိုစုပေါင်းပြီး လုပ်ကြမလဲဆိုတာကို ကျွန်တော်တို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲပါ။ မြစ်ဆုံကိစ္စကတော့ ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားရေးတာဝန်တစ်ရပ်လို သဘောထားပြီးတော့ ဒါမြစ်ဆုံမှာ တမံဆောက်ဖို့၊ ဆည်ဆောက်ဖို့ဆိုတဲ့ ကိစ္စတွေမှာ ကန့်ကွက်ရမယ်ပေါ့။ ဒါဟာ တစ်သံတည်း ထွက်တာပါ။ ဘယ်သူကမှ မြစ်ဆုံကိစ္စကို လုပ်ပါဆိုတဲ့ အသံကို မကြားရတာကတော့ ဒါထူးခြားတဲ့ ညီညွှတ်မှုပဲ ပြောရမှာပေါ့။ အဲဒါကကျွန်တော်တို့ရဲ့ အခြေအနေပါ။ တကယ်ပဲ အလုပ်လုပ်မယ်ဆိုတဲ့ ကော်မတီကိုလည်း ကျွန်တော်တို့ ဖွဲ့ဖြစ်ပါတယ်။ ဖွဲ့ဖြစ်တယ်ဆိုတဲ့အခါကျတော့ အဓိကကတော့ ကျွန်တော်တို့ ယာယီကော်မတီကို ဖွဲ့ဖြစ်တာပါ။ ဒုတိယအကြိမ်ကျတော့ အစည်းအဝေးလုပ်တဲ့ အခါကျတော့မှသာ ဘယ်သူတွေကို ဘာတာဝန်ပေးမလဲ၊ ဘယ်သူတွေက ဘယ်လောက်ချိတ်ဆက် လုပ်မလဲဆိုတာ အဖြေထွက်လာမှာပါ။ အခုဟာက ကျွန်တော်တို့ မြစ်ဆုံရေကာတာစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထုက ဘယ်လောက်ကျယ်ကျယ်ပြန့်ပြန့်အထိ ဆန့်ကျင်သလဲဆိုတာကို ပြည်သူရဲ့သဘောထားထုတ်ပြဖို့အတွက် အလုပ်လုပ်မဲ့ကော်မတီပါ။ အတည်ပြုဖို့ကိုတော့ မဆုံးဖြတ်ရသေးပါဘူး” ဟု ကိုစိုးကျော်သူက ပြောကြားသည်။ 

ဆက်လက်ပြီး သဘာဝဘေးအန္တရာယ်နှင့် သယံဇာတခန့်ခွဲမှုပါရဂူ ဦးမြင့်ဇော်က “ဒီနေ့ ကျွန်တော်တို့ကို မြစ်ဆုံနဲ့ပက်သက်ရင် အပေါ်ကနေ နိုင်ငံရေးသမားတွေပါတယ်၊ စီးပွားရေးသမားတွေပါတယ်၊ အင်ဂျင်နီယာ တွေပါတယ်။ အခွင့်အလမ်းနဲ့ ဆက်နွှယ်နေသူတွေ ပါတယ်။ သူတို့ကျွန်တော်တို့ကို အမှီပေးထားတဲ့ စကားလုံးတစ်လုံးရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့  ကျွန်တော်တို့ စွမ်းအင်မရှိလို့ နိုင်ငံဆင်းရဲနေတာ၊ စွမ်းအင်မရှိတဲ့အတွက် လူတွေဒုက္ခရောက်နေတာဆိုတဲ့ စကားလုံးကို သူတို့ပြောပါတယ်။ အဲဒီအတွက် စွမ်းအင်ရဖို့ ရေအားလျှပ်စစ်အကြီးကြီးတွေ ဆောက်ရမယ်ဆိုတဲ့အရာမျိုးတွေ သူတို့အဆိုပြုပါတယ်။ ကျွန်တော်တို့ ပြည်သူတွေအသံကြားနေတဲ့ ပြည်သူတွေကတော့ ဒီစကားကို ကျွန်တော်တို့ ကိုယ်ပိုင်အတွေ့အကြုံတွေအားဖြင့် ငြင်းဆိုပါတယ်။ ဒီနိုင်ငံမှာ ပြည်သူ့ဘဝတွေ ပြုန်းတီးရတာဟာ စွမ်းအင်မရှိတာကြောင့်နဲ့ တရားမျှတမှုမရှိတာကြောင့် ပိုပြီးတော့များပါတယ်။ သဘာဝဝန်းကျင်ပျက်သုဉ်းရလို့ လူထုဒုက္ခရောက်ရတာ ပိုများပါတယ်။ အနိုင်အထက် မြေသိမ်းယာသိမ်းတွေလုပ်လို့ အခြေအမြစ်ပျက်ပြီး ဒုက္ခရောက်ရတဲ့သူတွေရဲ့ ဘဝက ပိုများပါတယ်။ ကျွန်တော်တို့ဘဝတွေ တိုးတက်ဖို့ စွမ်းအင်လိုတယ်ဆိုရင် စွမ်းအင်ဟာ ရေကာတာဆောက်မှ မဟုတ်ပါဘူး။ စွမ်းအင်ရနိုင်တဲ့နည်းလမ်းတွေ ရှိပါတယ်။ ပြည်သူ့ဘဝတွေ အမှန်တကယ်မြင့်မားဖို့ စေတနာထားတယ်။ ပြည်သူ့ဘဝတွေ အမှန်တကယ်မြင့်မားဖို့ ရည်ရွယ်တယ်ဆိုရင် အမှန်တကယ် စေတနာနဲ့ လုပ်လို့ရတဲ့အလုပ်တွေ အများကြီးရှိပါတယ်။ အဲဒီအလုပ်ထဲမှာ အဓိကကျတဲ့ အလုပ်တစ်ခုကတော့ သာမာန်လူ့ဘဝ မြောက်မြားစွာ မှီခိုနေတဲ့ သဘာဝပတ်ဝန်းကျင်ကို မဖျက်စီးဖို့ပါပဲ။ ရေမြေတောတောင်ကို ကာကွယ်ဖို့ပါပဲ။ ရေအရင်းအမြစ်ကို ကာကွယ်ဖို့ဟာ ကျွန်တော်တို့ သာမန်ပြည်သူတွေဘဝ ရှင်သန်ဖို့ မြစ်ချောင်းပေါ်မှာ ငါးဖမ်းပြီး အသက်မွေးနေတဲ့ ကျွန်တော်တို့ရဲ့ တံငါသည်တွေရဲ့ ဘဝရှင်သန်ဖို့၊ လယ်ယာစိုက်ပျိုးနေရတဲ့ ကျွန်တော်တို့ မြန်မာပြည်ရဲ့ အဓိကသော အများစုသော လူဦးရေဖြစ်တဲ့ လယ်သမားတွေရဲ့ဘဝ ရှင်သန်ဖို့ဟာ ကျွန်တော်တို့ မြစ်တွေ၊ ချောင်းတွေ ရေမြေတောတောင်တွေကို ကာကွယ်ပေးရမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။ 

ဖွံ့ဖြိုးရေးဆိုသည့် ခေါင်းစဉ်အောက်မှာ လူတစ်စု၏ အကျိုးစီးပွားအတွက် ကျေးလက် တောသူတောင်သားတွေ၏ ဘဝများ သာမန်ပြည်သူတွေရဲ့ ဘဝများ တောများ တောင်များ ရေတွေမြေတွေကို စတေးရမှာဖြစ်ပြီး ထိုသို့စတေးလိုက်သည့်အတွက် ရလာတဲ့အကျိုးမြတ်များကို မည်သူတွေက ခံစားရပြီး စတေးလိုက်တဲ့ နောက်ဆက်တွဲ ဒဏ်ရာဒဏ်ချက်များကို မည်သူတွေခံရမှာလဲဆိုတာ ရှင်းရှင်းလင်းလင်းမြင်နိုင်ကြောင်း ဦးမြင့်ဇော်က ဆက်လက်ပြောကြားသည်။ 


Eleven Media Group


0 comments:

Post a Comment