Sunday, February 3, 2019

ငှားရမ်းမောင်းနှင်သည့်ယာဉ် ပြန်လည်သိမ်းယူသည်ကို မကျေနပ်၍ ယာဉ်ပိုင်ရှင်အမျိုးသမီးအား ဓားဖြင့်ထိုးမှု လမ်းမတော်မြို့နယ်တွင်ဖြစ်ပွား

လမ်းမတော်မြို့နယ်တွင် ငှားရမ်းမောင်းနှင်သည့် ယာဉ်အား ပြန်လည်သိမ်းယူသွားသည်ကို မကျေနပ်၍ ပိုင်ရှင်အမျိုးသမီးအား ဓားဖြင့် ထိုးမှုဖြစ်ပွားခဲ့ကြောင်း ဖေဖော်ဝါရီ ၃ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ 
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂ ရက် နံနက် ၈ နာရီ ၄၅ မိနစ်က မင်္ဂလာတောင်ညွန့်မြို့နယ်နေ မ.... ၂၂ နှစ်မှာ ၎င်းနှင့် အတူပါလာသည့် ခင်မင်ရင်းနှီးသူ ဧရာဝတီတိုင်းဒေသကြီးနေ ကို.... ၂၅ နှစ်ဆိုသူက လမ်းမတော်မြို့နယ်၊ (၆)ရပ်ကွက်ရှိ ဟိုတယ်တစ်ခုအတွင်း သို့ဝင်ရောက်သွားသဖြင့် ၎င်းက ဟိုတယ်ရှေ့ လမ်းမပေါ်တွင် စောင့်ဆိုင်းနေခဲ့ကြောင်း သိရသည်။ 

ထိုသို့စောင့်ဆိုင်းနေစဉ် မ....၂၂ နှစ် နှင့် ယခင်က ရင်းနှီးသိကျွမ်းခဲ့သော ဒဂုံဆိပ်ကမ်းမြို့နယ်နေ သူရအေး ၃၅ နှစ်ဆိုသူ ရောက်ရှိလာပြီး မ...၂၂ နှစ်အား ဓားဖြင့် ထိုးကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ 
ဓားဖြင့်အထိုးခံခဲ့ရသဖြင့် မ....၂၂ နှစ် မှာ နို့အုံထိုးသွင်း ဒဏ်ရာတစ်ချက်၊ နို့အုံ အောက် ထိုးသွင်း ဒဏ်ရာနှစ်ချက်၊ ဝမ်းဗိုက် ထိုးသွင်း ဒဏ်ရာနှစ်ချက်၊ ရင်ညွန့် ထိုးသွင်း ဒဏ်ရာတစ်ချက်၊ လက်ကောက်ဝတ်ပြတ်ရှ ဒဏ်ရာတစ်ချက်၊ လက်မနှင့်လက်ဖျံအောက် တို့တွင် ပြတ်ရှ ဒဏ်ရာတစ်ချက်စီရရှိခဲ့ကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့(အတွင်းလူနာ) အဖြစ် တင်ပို့ ကုသထားရကြောင်းသိရသည်။ 
ထို့နောက်ရဲတပ်ဖွဲ့က စုံစမ်းရာ သူရအေးက ပြီးခဲ့သည့်ငါးရက်ခန့်က ၎င်းငှားရမ်း မောင်းနှင်သည့် အငှားယာဉ်ကို ပိုင်ရှင်ဖြစ်သူ မ....၂၂ နှစ်၏မိဘများက ပြန်လည်သိမ်းသွားသဖြင့် မကျေမနပ်ဖြစ်ကာ ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက် အရသိရသည်။ 
“ ဓားနဲ့အထိုးခံရတဲ့မိန်းကလေးက ခု ဆေးရုံမှာအတွင်းလူနာ အနေနဲ့ ဆေးကုသ မှုခံယူနေပါတယ်။ ကျူးလွန်သူဖြစ်တဲ့သူကို အခု သက်ဆိုင်ရာတပ်ဖွဲ့တွေ ပူးပေါင်းပြီးတော့ ဖမ်းဆီးရမိရေး ဆောင်ရွက်နေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။ 
အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူကို လမ်းမတော်မြို့မ ရဲစခန်းက (ပ)၁၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့်အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 


Eleven Media Group


0 comments:

Post a Comment