Monday, February 4, 2019

၂၀၂၀ခုနှစ်ရွေးကောက်ပွဲမှာ အသက်(၁၈)နှစ်ပြည့် မဲပေးခွင့်ရမယ့်လူငယ်တွေကို ရည်ရွယ်တဲ့ သင်တန်းတစ်ခု ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပင်းတယမြို့မှာ ပြုလုပ်ခဲ့


လာမယ့် ၂၀၂၀ခုနှစ်၊ အထွေထွေရွေးကောက်ပွဲမှာ အသက်(၁၈)နှစ်ပြည့်ကာမဲပေးခွင့်ရမယ့် လူငယ်တွေအတွက်ရည်ရွယ်တဲ့ သရုပ်ပြသင်တန်းတစ်ခုကို ရှမ်းပြည်နယ်( တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့မှာ ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံလွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲများဖြစ်ပေါ်လာရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ Myanmar Network Organization for Free and fair Election(MYNFREL) မှ ပရိုဂရမ်ဒါရိုက်တာဦးအောင်လှိုင်ထွန်းထံကသိရပါတယ်။ 
”ဒီမိုကရေစီရဲ့စံနှုန်းတွေနဲ့ ရွေးကောက်ပွဲတစ်ခုမှာ ကိုယ်ပေးရမယ့် မဲတစ်ပြားရဲ့တန်ဘိုးကို ပထမဆုံးအကြိမ်မဲပေးမယ့် လူငယ်တွေသာမက လူကြီးတွေဆီပါ အသိပညာဖြန့်ကျက်စေဖို့၊ ပြီးတော့ အထူးသဖြင့် ပယ်မဲများတဲ့နေရာ၊ မဲလာပေးသူနည်းတဲ့နေရာတွေမှာ သင်တန်းပြုလုပ်ရခြင်းဖြစ်ပါတယ်”လို့MYNFREL ပရိုဂရမ်ဒါရိုက်တာဦးအောင်လှိုင်ထွန်းက က ပေါ်ပြူလာနယူးစ်ကို ဒီကနေ့ ပြောပါတယ်။ 
”သင်တန်းအထူးပြုတာကတော့ လာမယ့် ၂၀၂၀မှာလုပ်မယ့်ရွေးကောက်ပွဲမှာ အသက် ၁၈နှစ်ပြည့်မဲပေးကြမယ့် လူငယ် တွေအတွက် ရည်ရွယ်ပါတယ်။ ဒီသင်တန်းမှာထူးခြားတာတော့ အရင်သင်တန်းတွေလို ခန်းမထဲမှာမပြုလုပ်ဘဲ ဈေးနေ့မှာလာတဲ့ လူအများအတွက် ခုလိုပြဇတ်သဘောမျိုးနဲ့ အမေးအဖြေတွေလုပ်တော့ အားလုံးထိထိရောက်ရောက် ပြောကြပါတယ်။ အသက် ဘယ်လောက်မှာမဲပေးခွင့်ရှိလဲတို့ မဲပေးရတဲ့ရည်ရွယ်ချက်တို့ကို အမေးအဖြေတွေ လုပ်ဖြစ်ပါတယ်”ဟု ဆရာမဒေါ်ဝင်းမြထွန်း က ပေါ်ပြူလာနယူးစ်ကို ရှင်းပြပါတယ်။ 
အဆိုပါသင်တန်းကို ပင်းတယမြို့မှာ ဒေသခံသင်တန်းသားလူငယ်(၂၇)ဦးနဲ့ နံက်၉နာရီ မှ ညနေ၅နာရီထိ ၃ ရက်ကြာ ပြုလုပ်ခဲ့တာဖြစ်ပြီး သင်တန်းရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၃ရက်မှာ ကျရောက်တဲ့ ပင်းတယဈေးနေ့ဈေးအတွင်းမှာ”မဲပေးစို့”ဆိုတဲ့ သရုပ်ပြပွဲကို သင်တန်းသားလူငယ်များနဲ့ပြုလုပ်ခဲ့ကာ ဈေးလာသူတွေကို အမေးအဖြေကဏ္ဍပြုလုပ်ပြီး`သင့်အသံ၊ သင့်မဲ၊ သင့်အနာဂတ်` ခေါင်းစဉ်နဲ့ အသိပညာဖြန့်ဝေမှု သင်တန်း ပြုလုပ်ခဲ့တယ်လို့ အဆိုပါသင်တန်းမှာ နည်းပြပြုလုပ်ခဲ့သူ MYNFREL မှ ဆရာမ ဒေါ်ဝင်းမြထွန်းက ဆိုပါတယ်။ 
အဆိုပါသင်တန်းကို တက်ရောက်ခဲ့တဲ့ ပင်းတယမြို့က အသက် ၂၀ အရွယ် မောင်ဇော်မင်းထွန်းက ၄င်းအနေနဲ့ ယခင်၂၀၁၅ခုနှစ်၊ အထွေထွေရွေးကောက်ပွဲမှာ အသက်မပြည့်လို့ မဲမပေးခဲ့ရပေမယ့် အခုလာမယ့်၂၀၂၀ခုနှစ်၊ ရွေးကောက် ပွဲ မှာတော့ မိမိပေးရမယ့် မဲတစ်မဲရဲ့ တန်ဘိုး၊ မဲပေးရမယ့်လူ့တန်ဘိုး၊ နိုင်ငံကို မြှင့်တင်ပေးရမယ့် အရည်အချင်းတွေကို သိရှိလာရတဲ့အတွက် သင်တန်းတက်ခဲ့ရတာဟာ အလွန်ဝမ်းမြောက်ရသလို မဲပေးရမှာကိုလည်း ကြိုတင်ရင်ခုံစွာဖြင့်စောင့်မျှော်လျက်ရှိတယ်လို့ ပြောပါတယ်။ 
အခုလိုသင်တန်းမျိုးတွေကို ရှမ်းပြည်နယ်(တောင်ပိုင်း)မှာ ကျေးသီး၊ မိုင်းကိုင်၊ မိုင်းရှုး၊ ပင်းတယ၊လွိုင်လင်၊ လဲချားမြို့ တို့မှာပြုလုပ်ခဲ့ပြီး လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်၊ ပြည်ထောင်စုနေ့မှာတော့ ပင်လုံမြို့ပါပြုလုပ်သွားရန်ရှိတယ်လို့သိရပါတယ်။ 
ရှမ်းပြည်နယ်(မြောက်ပိုင်း)တော့ ဒီသင်တန်းတွေကို လားရှိုး၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ မြို့တွေမှာ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် တာချီလိတ်၊ မိုင်းခတ်၊ ကျိုင်းတုံ၊ မိုင်းပျဉ်း၊ စသည့်မြို့တွေမှာ ပြုလုပ်ခဲ့ပြီးပြီလို့သိရပြီး ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီနှင့်ဧရာဝတီတိုင်းဒေသကြီးများမှာရှိတဲ့ မြို့နယ်ပေါင်း(၄၇)မြို့နယ်မှာ လဲ သင်တန်းတွေလုပ်ခဲ့ပြီးဖြစ်ကြောင်း MYNFREL မှ တာဝန်ရှိသူကပြောပါတယ်။ 



သတင်း - Oo Oo Zaw 
Photo - Kyaw Min Htway
Popular News Journal 

0 comments:

Post a Comment