Monday, February 4, 2019

ခရီးသွားများအတွက် လည်ပတ်ရန် အကောင်းဆုံးနေရာများစာရင်း၌ ပုဂံပါဝင်



ယခုနှစ်တွင် ကမ္ဘာ့လည့်ခရီးသွားများအတွက် သွားလာလည်ပတ်ရန် အကောင်းဆုံးခရီးစဉ်များစာရင်း၌ မြန်မာနိုင်ငံမှ ပုဂံဒေသပါဝင်ကြောင်း အမေရိကန်အခြေစိုက်ထုတ်ဝေသည့် INSIDER (အင်ဆိုက်ဒါ) မဂ္ဂဇင်းက ဖော်ပြသည်။ 
အဆိုပါမဂ္ဂဇင်းက ၂၀၁၉ ခုနှစ်အတွက် သွားလာလည်ပတ်ရန် အကောင်းဆုံးနေရာ ၃၀ စာရင်း၌ ပုဂံမြို့ကို အဆင့်ရှစ်နေရာ၌ သတ်မှတ်ဖော်ပြခဲ့သည်။ 

“ပုဂံကိုလာလည်တဲ့ခရီးသွားဧည့်သည်တွေအနေနဲ့ ရှေးဟောင်းယဉ်ကျေးမှု ဗိသုကာတွေကို မြင်တွေ့ရမှာပါ။ အခုလို သတ်မှတ်ခံရတဲ့အတွက်လည်း ပုဂံကိုခရီးသွားဧည့်သည်တွေ ပိုတိုးလာဖိုမျှော်လင့်တယ်”ဟု ခရီးသွားလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးညီညီက မှတ်ချက်ပြုပြောဆိုသည်။ 

မြန်မာနိုင်ငံ၏ ရှေးဟောင်းမင်းနေပြည်တော်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် ပုဂံမြို့မှ ရှေးဟောင်း အနုသုခုမလက်ရာများကြောင့် ကမ္ဘာလည့်ခရီးသွားများအနေနှင့် မဖြစ်မနေသွားသင့်သည့် နေရာဖြစ်ကြောင်းလည်း INSIDER မဂ္ဂဇင်းက မှတ်ချက်ပေးထားသည်။ 

ယင်းအပြင် ပုဂံဒေသတွင် စေတီပုထိုးပေါင်း ၂၀၀၀ ကျော်ရှိသည့်အတွက် လမ်းလျှောက်ခရီးစဉ် သို့မဟုတ် မီးပုံးပျံစီး၍ လည်ပတ်သင့်ကြောင်း INSIDER က တိုက်တွန်းထားသည်။ 

“ပုဂံဟာတစ်ကယ့်ကို အဖိုးတန်တဲ့ခရီးစဉ်ဒေသတစ်ခုပါ။ ဒါကို ပြည်တွင်းပြည်ပက လက်ခံထားတယ်။ ဒါကို အစိုးရက စီမံခန့်ခွဲမှုကောင်းကောင်းနဲ့ အကျိုးရှိအောင် အသုံးချတတ်ဖို့လိုတယ်”ဟု ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ဦးသန်းနိုင်က ပြောဆိုသည်။ 

လက်ရှိအချိန်သည် ခရီးသွားရာသီဖြစ်သော်လည်း ဥရောပနိုင်ငံများထက် အာရှနိုင်ငံသားများကို ပိုတွေ့နေရပြီး ခရီးသည်ဝင်ရောက်မှုမှာလည်း ယခင်နှစ်ထက်နည်းပါးလာကြောင်း ညောင်ဦးမြို့မှ E-Bike (ဘတ္ထရီဆိုင်ကယ်) ငှားရမ်းသည့်လုပ်ငန်းလုပ်ကိုင်သူ ဦးထွန်းလင်းထံမှ သိရသည်။ 

ပုဂံယဉ်ကျေးမှုနယ်မြေဒေသသို့ ၂၀၁၇ နှစ်က ကမ္ဘာလှည့်ခရီးသွားဧည့်သည် သုံးသိန်ကျော်သာဝင်ခဲ့ရာမှ ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသည် နှစ်သိန်းငါးသောင်းကျော်သာ ဝင်ရောက်ခဲ့ကြောင်း (ပုဂံဌာနခွဲ) ၏ စာရင်းများ အရသိရသည်။ 


The Voice

0 comments:

Post a Comment