Monday, February 4, 2019

ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူမှု လူထုဆန္ဒခံယူရန် သပိတ်မှောက် ကရင်နီလူငယ်များတောင်းဆို


ကန့်ကွက်သည့်အကြားမှ ကယားပြည်နယ်အစိုးရအဖွဲ့ဦးဆောင်ကာ လွိုင်ကော်မြို့ ကန္တာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ထုစိုက်ထူမှု လူထုဆန္ဒခံယူရန် သပိတ်မှောက်နေသည့် ကရင်နီလူငယ်များက တောင်းဆိုသည်။ 
ကရင်နီလူငယ် ဖိလစ်စိုးအောင်က “အဓိကပြောရမယ်ဆို ကျွန်တော်တို့တောင်းဆိုတဲ့အချက် နှစ်ချက်ရှိပါတယ်။ ဒီကြေးရုပ်ထု စိုက်ထူမှုအပေါ် ဆန္ဒခံယူဖို့နဲ့ ကြေးရုပ်ထုကို နေရာရွေ့ပေးဖို့ပါ။ ကနေ့ (ဖေဖော်ဝါရီ ၄ ရက်) မနက်ထိ ကျွန်တော်တို့ သပိတ်စခန်းဖွင့်ထားဆဲဖြစ်ပြီး လာရောက်တွေ့ဆုံညှိနိုင်းမှုမပြုမချင်း ဆက်လက်တိုက်ပွဲဝင်မှာပါ”ဟု ပြောသည်။ 

ယခင် ၂၀၁၈ ခုနှစ်ကတည်းက လွိုင်ကော်တွင် ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူရန် ကယားပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး ဒေသခံအရပ်ဘက်အဖွဲ့စည်းများ၊ ကရင်နီလူငယ်များကန့်ကွက်နေမှုကြောင့် ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီကိုရုပ်သိမ်းပေးခဲ့သည်။ 

သို့သော် ယခုနှစ် ဖေဖော်ဝါရီ ၂ ရက်က ပြည်နယ်ဝန်ကြီးတစ်ဦးဦးစီးကာ စိုက်ထူခဲ့ခြင်းဖြစ်ပြီး ပန်းခြံရှေ့တွင် သပိတ်စခန်းဖွင့်သူလူငယ်များကို အင်အားသုံးဖြိုခွင်းပြီး လူငယ်၂၀ဦးကို ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့်တရားစွဲထားသည့်အပြင် ဒီးဒီ (ခ) စစ်မုန်း၊ မျိုးလှိုင်ဝင်း (ခ) ပါစကွားလယ်နှင့် ခွန်သောမက်တို့သုံးဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) ဖြင့်ပါ တရားစွဲထားသည်။ 

ကယားသို့ရောက်နေသည့် NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်နှင့်ပါတီဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင်တို့ကို တွေ့ဆုံခွင့်ရရန် ကရင်နီလူငယ် ၄၀ ခန့်က ဖေဖော်ဝါရီလ ၂ ရက်မှစပြီး ကယားပြည်နယ် NLD ရုံးရှေ့တွင် စောင့်ဆိုင်ခဲ့ကြပြီး နောက်တစ်နေ့တွင် သပိတ်စခန်းဖွင့်ကာ ဆက်လက်တောင်းဆိုနေကြခြင်းဖြစ်သည်ဟု ကရင်နီလူငယ်များထံမှ သိရှိရသည်။ 

“သပိတ်စခန်းကို ဒီနေ့ (၄ ရက်) မနက်အထိ ဘယ်သူမှလာမတွေ့သေးဘူး။ သပိတ်စခန်းဖွင့်တာနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြားစာ ပေးပို့ခဲ့ပေမယ့် လက်မခံတဲ့အကြောင်း မနေ့ကအကြောင်းပြန်တယ်။ ဒါပေမဲ့ ကျွန်တော်တို့တောင်းဆိုမှုအပေါ် ဖြေရှင်းပေးတာမျိုးမလုပ်မချင်း ဆက်လက်ပြီးတိုက်ပွဲဝင်မှာပါ”ဟု ကရင်နီလူငယ်တစ်ဦးက ပြောကြားသည်။ 

ပြည်နယ် NLD ပါတီရုံးရှေ့ သပိတ်စခန်းဖွင့် တောင်းဆိုနေကြသည်ကို ဥပဒေနှင့်မညီသဖြင့် ခွင့်ပြုမရကြောင်း အကြောင်းပြန်ထားပြီးဖြစ်သော်လည်း မိမိတို့နယ်မြေခံရဲစခန်းများကို အထက်မှမည်သို့ ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ညွှန်ကြားချက် တစ်စုံတစ်ရာမရှိသေးကြောင်း လွိုင်ကော်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

ယင်းကဲ့သို့ ဗိုလ်ချုပ်ကြေးရုပ်ထားရှိမှုကိစ္စကို ကရင်နီလူငယ်များက ကန့်ကွက်ဆန္ဒဖော်ထုတ်နေကြသော်လည်း ဖေဖော်ဝါရီ ၂ ရက်က လွိုင်ကော်မြို့ခံအင်အား ၁၅၀၀ ခန့်က ထောက်ခံကြောင်းဆန္ဒဖော်ထုတ်ကာ မြို့တွင်းစီတန်းလှည့်လည်ခဲ့ကြသည်ဟု ဒေသခံများထံမှ သိရှိရသည်။ 


ဓာတ်ပုံ - Kayan New Generation Youth
The Voice


0 comments:

Post a Comment