Monday, February 4, 2019

မူးယစ်ဆေးဆန့်ကျင်သည့်အနေဖြင့် ရှမ်းလူငယ် ၂ ဦး ခရီးရှည် စက်ဘီးစီးနင်းလှုံ့ဆော်


လူငယ်တွေ မူးယစ်ဆေးဝါးကင်းစင်ရေး လှုံ့ဆော်တဲ့အနေနဲ့ ထိုင်းမှာ အလုပ်လာလုပ်တဲ့ မြန်မာနိုင်ငံက ရှမ်းလူငယ် နှစ်ဦးဟာ ထိုင်းနိုင်ငံ ချင်းမိုင်ကနေ ရှမ်းပြည်တောင်ပိုင်း၊ မွန်ပြည်နယ်၊ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနဲ့ ရှမ်းပြည်မြောက်ပိုင်းထိ စက်ဘီးစီးလှုံဆော်ဖို့ရှိနေပါတယ်။ 
ရှမ်းပြည်နယ် ကွန်ဟိန်းမြို့နယ်က စိုင်းဆိုင်ဟန်နဲ့ စိုင်းအွန်ခေးတို့ ညီအစ်ကိုနှစ်ဦးဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၃ ရက်ကစ ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင်ကနေ မယ်ဆိုင်ထိ လည်းကောင်း၊ ဒီနောက် တာချီလိတ်၊ တာလေ၊ မိုင်းဖြတ်၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းပန်၊ လင်းခေး၊ ကျိုင်းတောင်းစတဲ့ မြို့နယ်တွေအထိ တောအထပ်ထပ် တောင်အသွယ်သွယ် မိုင်ပေါင်း ရာချီကျော်ဖြတ်ပြီး စက်ဘီးစီးနင်းလာရာ ဖေဖော်ဝါရီ ၄ ရက်မှာ လွိုင်လင်ခရိုင် ခိုလမ်မြို့နယ်ကို ရောက်ရှိလာပါတယ်။ 

စက်ဘီးနင်းတာဟာ အားကစားနည်းတမျိုးဖြစ်သလို ဓာတ်ဆီလောင်စာအသုံးပြုဖို့ မလိုအပ် တာကြောင့် ကမ္ဘာကြီးပူနွေးမှုကို လျှော့ချရာရောက်ကြောင်း၊ သဘာဝပတ်ဝန်းကျင်အလှအပကို ထိတွေ့ခံစားရင်း ဖြတ်သန်းခဲ့ရာ လမ်းတလျှောက်က ပြည်သူတွေရဲ့ လူမှုဘ၀တွေပါ လေ့လာခွင့် ရခဲ့တယ်လို့ စက်ဘီးနင်းသူ စိုင်းအွန်ခေးက ဒီဗွီဘီကို ပြောပါတယ်။ 

“ဒီလိုစက်ဘီးစီးပြီး နေရာအနှံ့လည်ပတ်ဖို့ စိတ်ကူးခဲ့တာ ကြာပါပြီ။ ဒီနှစ်မှဘဲ လာရတော့ တယ်။ လူငယ်တွေ အားကစားလိုက်စားပြီး မူးယစ်ဆေးဝါးအန္တရာယ်ကနေ ရှောင်ရှားဖို့ တိုက်တွန်း ပြသတဲ့အနေနဲ့ရော၊ မရောက်ဖူးတဲ့နေရာတွေ တောင်တောင်သဘာဝအလှတွေပါ ကြည့်ရင်းပေါ့။ ကားစီးရင် ကောင်းကောင်းမမြင်ရဘူး။ အေးအေးဆေးဆေး စက်ဘီးနင်းလာတယ်။ မောရင် နားတယ်၊ မိုးချုပ်ရင် ရောက်တဲ့မြို့မှာတည်းတယ်။ မတ်စောက်တဲ့ တောင်ပေါ်လမ်းဆိုရင်တော့ စက်ဘီးမစီးဘဲ တွန်းတက်တယ်။ လမ်းမှာ စက်ဘီးပျက်ရင် ပြင်တယ်။ စက်ဘီးပြင်တဲ့ ကိရိယာတွေပါ ထည့်လာပါတယ်ခင်ဗျ။” 

ဖြတ်သန်းတွေ့ရှိချက်တွေအရ ရှမ်းပြည်နယ်မှာ မြင့်မားတဲ့ တောင်တန်းကြီးတွေ၊ နက်ရှိုင်းတဲ့ ချောက်ကမ်းပါးတွေ၊ မြစ်ချောင်းအင်းအိုင်တွေ၊ ဘုရားပုထိုးစေတီတွေ၊ အဖိုးတန်သဘာဝ အရင်းအမြစ်တွေရှိပေမယ့် ဒေသခံတိုင်းရင်းသားတွေရဲ့ ဘ၀ကတော့ ဖွံ့ဖြိုးတိုးတက်မှုမရှိကြောင်း၊ တချို့ရွာမှာ အိမ်သာပင်မရှိ၊ တချို့အိမ်တွေမှာ မွေးထားတဲ့ ၀က်တွေ၊ ကြက်တွေက အိမ်ထဲ ၀င်ချင်သလိုဝင် ထွက်ချင်သလိုထွက်၊ ကျန်းမာရေးနဲ့ မညီညွတ်ကြောင်း၊ ဒါပေမယ့် စိတ်သဘော ထားကောင်းမွန်ပြီး သူတို့အိမ်မှာတည်းခိုစေကာ ဧည့်ဝတ်ကျေပွန်တယ်လို့ ဆိုပါတယ်။ 

အလားတူ အခြားမြို့ရွာက သူတွေလည်း ခရီးဦးကြို၊ ထမင်းကျွေးကာ လင်းခေးက စိုင်းထိန်လင်းဆိုသူကလည်း သူတို့နဲ့အတူ စက်ဘီးနင်းပြီး ခိုလမ်ထိ လိုက်လံပို့ဆောင်ပေးတယ်လို့ ပြောပါတယ်။ 

သူတို့တွေဟာ ခိုလမ်မှ နမ့်စမ်၊ လွိုင်လင်၊ ဟိုပုံး၊ တောင်ကြီး အဲဒီကနေ ကယားပြည်နယ် လွိုင်ကော်ထိလည်းကောင်း၊ လွိုင်ကော်မှ ကရင်ပြည်နယ်၊ မွန်ပြည်နယ် ကျိုက်ထီးရိုးထိသွားမှာ ဖြစ်ပါတယ်။ 

ဒီနောက်ကျိုက်ထီးရိုးကနေ ပဲခူး၊ ရန်ကုန်၊ နေပြည်တော်၊ လယ်ဝေး၊ မန္တလေး၊ အဲဒီနောက် ရှမ်းပြည်မြောက်ပိုင်းနဲ့ အရှေ့ပိုင်း ဆီလူး၊ မိုင်းလား စတဲ့မြို့တွေကနေ ဇာတိမြေ ကွန်ဟိန်းကို ပြန်လာဖို့ရှိပြီး ခရီးစဉ် သုံးလခန့် ကြာမြင့်မယ်လို့ ခန့်မှန်းထားပါတယ်။

DVB

0 comments:

Post a Comment