Tuesday, February 5, 2019

နယ်စပ်တွင် မြန်မာအလံကို ဖျက်ဆီးမှု တရုတ်သံအမတ်ကို ခေါ်တွေ့


မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်တွင် စိုက်ထူထားသည့် မြန်မာအလံပါ အမှတ်အသားကို တရုတ်နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ ဝင်ရောက်ဖျက်ဆီးမှုနှင့်ပတ်သက်၍ တရုတ်သံအမတ်ကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ခေါ်ယူတွေ့ဆုံပြောဆိုခဲ့ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က ပြောကြားသည်။ 
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၃ ရက်နေ့က နိုင်ငံခြားရေးဝန်ကြီးဌာနသို့ မေးမြန်းရာတွင် ယင်းသို့ ပြန်လည်ဖြေကြားခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ၏ အဖွဲ့ဝင်လည်း ဖြစ်သူ ၎င်းက ပြောဆိုသည်။ 

“နှစ်နိုင်ငံနယ်စပ်မှာ ဟိုဘက်ကလည်း သူတို့ပိုင်တယ် ဒီဘက်ကလည်းသူတို့ပိုင်တယ်ဆိုပြီးတော့ အဲဒီလို နယ်စပ်ပိုင်နက် အငြင်းပွားတဲ့သဘောပေါ့ဖြစ်တာပေါ့။ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ တရုတ်သံအမတ်ကြီးကို ခေါ်ပြောတယ်။ ဒီကိစ္စကို သိမ်သိမ်မွေ့မွေ့ကိုင်တွယ်ပေးဖို့အတွက် ခေါ်ပြောတယ်” ဟု ၎င်းက ပြန်လည်ရှင်းပြသည်။ 

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့ နယ်နိမိတ် ကျောက်တိုင်အမှတ် BP 144/3 နှင့် BP 144/4 ကြား နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းမှ ၄ ဒသမ ၇ ကီလိုမီတာခန့် အကွာတွင် စိုက်ထူထားသည့် မြန်မာနိုင်ငံ အလံစိုက်ထူထားသည် နယ်စပ်အမှတ်အသားကို တရုတ် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၀ ဦးခန့်က လက်နက်ကိုင်ဆောင်ဝင်ရောက်ကာဖျက်ဆီးသွားခြင်းဖြစ်သည်။ 

ယင်းသို့ လက်နက်ကိုင်ဆောင်ဝင်ရောက်မှုကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့က ပြင်းပြင်းထန်ထန် ကန့်ကွက်သည်ဟု တရုတ်အစိုးရထံသို့ စာပေးပို့ထားကြောင်း အဆိုပါကန့်ကွက်စာအရ သိရသည်။ 

ထို့ကြောင့် ပြဿနာများ ပိုမိုရှုပ်ထွေးမလာအောင် တရုတ်သံအမတ်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက ခေါ်ယူတွေ့ဆုံခြင်းဖြစ်ကြောင်း ဒေါ်ပြုံးကေသီနိုင်က ပြောဆိုသည်။ 

“နယ်စပ်ကိစ္စက သူ့စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်။ နယ်စပ်ကိုပြန်ပြီးတော့ သတ်မှတ်ဖို့ကလေ ။ နှစ်နိုင်ငံ ပေါင်းပြီးတော့ လုပ်ရမယ့် လုပ်ငန်းဆိုတော့ အဲဒီဟာတွေကိုလည်း အရင်ဆုံး အကောင်အထည်ဖော်ဖို့ လုပ်နေတယ်လို့ ကျွန်မနားလည်ထားပါတယ်” ဟု ၎င်းက ဆိုသည်။ 

အဆိုပါ အငြင်းပွားမှုကို ဖြေရှင်းရာတွင် နယ်စပ်ပိုင်နက်ကို တိတိကျကျ တိုင်းတာသတ်မှတ်နိုင်ရေးက အဓိက အရေးကြီးကြောင်း ၎င်းက မှတ်ချက်ပေးသည်။ 

တရုတ်နယ်ခြားစောင့်တပ်ဖွဲ့ တရုတ်အလံဝှေ့ယမ်းပြီး လက်နက်ကိုင်ဆောင်ဝင်ရောက်ခြင်းမှာ နှစ်နိုင်ငံသဘောတူစာချုပ်ကို ဖောက်ဖျက်ရာရောက်ကြောင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့က တရုတ်အစိုးရထံသို့ ပေးပို့ထားသည့် စာတွင် ဖော်ပြပါရှိသည်။ 



ပုံ- ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့
The Voice Journal 


0 comments:

Post a Comment