Tuesday, February 5, 2019

ဒေါ်နန္ဒမာလာအမှု တရားလိုပြသက်သေ စတင်စစ်ဆေး


ငွေကြေးလိမ်လည်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အမှုရင်ဆိုင်နေရသော ဒေါ်နန္ဒမာလာကို လှိုင်မြို့နယ် တရားရုံးတွင် ဖေဖော်ဝါရီလ ၅ရက်နေ့တွင် ရုံးတင်စစ်ဆေးခဲ့ပြီး တရားလိုပြသက်သေကို စတင်စစ်ဆေးခဲ့သည်။
  
ဒေါ်နန္ဒမာလာသည် လှိုင်မြို့နယ်တရားရုံး အချုပ်အတွင်း၌ ဇန်နဝါရီ ၂၈ ရက်က လှိုင်မြို့နယ် တရားရုံးသို့ တတိယအကြိမ် ရုံးထုတ်စဉ် အတက်ရောဂါကြောင့် သတိလစ်သွားသဖြင့် ယနေ့ရုံးချိန်းတွင် တရားလိုပြသက်သေကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။ 

"ဒီနေ့ ရုံးထုတ်မှာ ကျွန်တော်တို့က သက်သေ ဓာတ်ပုံ နှစ်ပုံတင်တယ်။ တရားလိုဘက်က ငြင်းတယ်။ တရားရုံးက လက်ခံတယ်" ဟု ရွှေကိန္နရီ ခရီးသွားလုပ်ငန်း ပိုင်ရှင် ဦးနေမျိုးနိုင်က ဆိုသည်။ 

မင်္ဂလာဒုံမြို့နယ် အမှတ်R5B ၊ ပန်းခရေလမ်း၊ ခရေပင်ရိပ်မွန်အိမ်ရာ ၂ တွင် ဒေါ်နန္ဒမာလာ တရားဟောပြော နေထိုင်ခဲ့သော ကိစ္စနှင့်ပတ်သက်သည့် ဓာတ်ပုံများကို ရုံးတော်သို့ တင်ပြခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

လက်ရှိအချိန်တွင် ဒေါ်နန္ဒမာလာကို မင်္ဂလာဒုံမြို့နယ် ၊ လှိုင်မြို့နယ်ရှိတရားရုံးများတွင် ငွေကြေးလိမ်လည်ခဲ့သည်ဟုဆိုကာ ပုဒ်မ ၄၂၀ဖြင့် တရားရင်ဆိုင်နေရသည်။ 

ယနေ့လှိုင်မြို့နယ် တရားရုံးတွင် ဒေါ်နန္ဒမာလာကို ကျန်းမာရေးအခြေအနေအရ မစစ်ဆေးခဲ့ဘဲ တရားလို ဦးနေမျိုးနိုင်ကိုသာ စစ်ဆေးခဲ့ပြီး လာမည့် ဖေဖော်ဝါရီလ ၁၅ရက်နေ့ကို ထပ်မံချိန်းဆိုခဲ့သည်။ 

ဒေါ်နန္ဒမာလာသည် ငွေကြေးလိမ်လည်မှုများကြောင့် တရားစွဲဆိုခြင်းခံထားရသူဖြစ်ပြီး ဇန်နဝါရီလ ၂ ရက်နေ့ ညပိုင်းအချိန်က အမြန်လမ်း မိုင်တိုင် ၂၈၄ တွင် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ 

ဒေါ်နန္ဒမာလာသည် ​​ဒေါ်​နေဇင်​မြင့်​ဆိုသူ အမျိုးသမီးထံမှ ​ငွေ​ကြေးလိမ်​လည်​သည်​ဟုဆိုကာ ၂၀၁၃ ခုနှစ်​အတွင်းက တရားရုံး ဦးတိုက်​​လျှောက်​ထားခံရပြီး အမှုရင်​ဆိုင်​​နေခဲ့ရခြင်းဖြစ်​​ကာ တရားရုံးလာ​ရောက်​ရန်​ပျက်​ကွက်​မှုများ​ကြောင့်​ ဖမ်းဝရမ်းထုတ်​ခံထားရသည့်အတွက် ရဲတပ်​ဖွဲ့က ဖမ်းဆီးလူဝတ်​လဲခဲ့သည်။ 

ယင်းအမှုအတွက် အာမခံပေးခဲ့သော်လည်း CID မှ အခြားအမှုများ စစ်ဆေးရန်ရှိနေသည်ဟုဆိုကာ ထပ်မံ ခေါ်ဆောင်သွားခဲ့သည်။

The Voice Journal 

0 comments:

Post a Comment