Sunday, February 3, 2019

ဘိန်းခင်းများ လုံးဝလက်ခံမည်မဟုတ်ဘဲ စီမံချက်ဖြင့်ဖျက်သိမ်းမည်ဟု ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြောကြား



ဘိန်းခင်းများ လုံးဝလက်ခံမည်မဟုတ်ဘဲ စီမံချက်ဖြင့်ဖျက်သိမ်းမည်ဟု ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြောကြားသည်။ 
လက်ရှိတွင် ကချင်ပြည်နယ်အတွင်းရှိ ဘိန်းခင်းများမှာ စတင်ထုတ်ယူသည့် အခြေအနေရှိပြီး အများဆုံးစိုက်ပျိုးသည့်နေရာများမှာ နှစ်စဉ်အများဆုံးစိုက်ပျိုးသည့် တနိုင်းဒေသ၊ ကန်ပိုင်တည်ဒေသနှင့် ပူတာအိုတောင်ပိုင်းဒေသများဖြစ်ကြောင်း မူးယစ်ဆေးဝါးနှင့် မှတ်တမ်းယူသည့်အဖွဲ့များက ပြောကြားသည်။ 

ဇန်နဝါရီလကုန်ပိုင်းက တရုတ်-မြန်မာနယ်စပ် ကန်ပိုင်တည်ဒေသသို့ သွားရောက်မှတ်တမ်းယူခဲ့သူတစ်ဦးက “၂၀၁၇-၁၈ ပွင့်လင်းရာသီကတော့ ကချင်ပြည်နယ်မှာ အနည်းဆုံး စိုက်ပျိုးခဲ့တယ်။ အဲဒီအရင်နှစ်က ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်တဲ့အဖွဲ့တွေနဲ့ ပြဿနာဖြစ်တော့ စိုက်တဲ့သူမရှိတော့ဘူး။ ဒီနှစ်ကတော့ မနှစ်ကထက်စာရင် အများကြီးစိုက်ပျိုးလာတယ်။ အရင်နှစ်တွေက အဖြူပွင့်တဲ့ ဘိန်းပင်ကို အများဆုံးစိုက်ပေမဲ့ ဒီနှစ်က ဘိန်းထွက်နှုန်းကောင်းတဲ့ အာဖဂနစ္စတန် နိုင်ငံကမျိုးတွေ၊ ရှမ်းပြည်ကမျိုးတွေ စိုက်ပျိုးလာတယ်လို့ သိရတယ်။ တစ်ပြည်နယ်လုံးဆိုရင်လည်း မနှစ်ကထက် သာတယ်ဗျ” ဟု ပြောကြားသည်။ 

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က “ဘိန်းခင်းတွေဖျက်ဖို့ အားလုံးစီမံထားပါပြီ။ မရိတ်သိမ်းခင် ဖျက်ဆီးရမှာပေါ့။ ဘိန်းခင်းကတော့ လုံးဝခွင့်မပြုပါဘူး။ မကြာခင်ပဲ သွားကြပါလိမ့်မယ်” ဟု ပြောကြားသည်။ 

ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ်နောက်ပိုင်း တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာပြီးနောက်ပိုင်း ဘိန်းစိုက်ပျိုးမှု ရုတ်တရက် မြင့်တက်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။ ဘိန်းဖျက်ဆီးသည့် ဧကများလည်း နှစ်စဉ်တက်လာခဲ့ကြောင်းသိရပြီး ၂၀၁၂-၁၃ ခုနှစ် ဘိန်းစိုက်ရာသီတွင် ၆၁၈ ဧက၊ ၂၀၁၃-၁၄ ခုနှစ်တွင် ၄၉၂ ဧက၊၂၀၁၄- ၁၅ ခုနှစ်တွင် ၁၃၂၂ ဧက၊ ၂၀၁၅- ၁၆ ခုနှစ်တွင် ဘိန်းစိုက်ဧက ၃၈၀၇ ကျော်၊ ၂၀၁၆- ၁၇ ခုနှစ်တွင် ၅၅ ဧကကျော်ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။ 

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက် တရုတ်နိုင်ငံနယ်စပ်ရှိ ဘိန်းခင်းကိစ္စရပ်များနှင့်ပတ်သက်ပြီး ရေတို၊ ရေရှည် စီမံကိန်းများ ရေးဆွဲထောက်ပံ့ရန် ဒုတိယအကြိမ် ကချင်ပြည်နယ် လွှတ်တော်ပထမပုံမှန်အစည်းအဝေးတွင် အရေးကြီးအဆိုတင်သွင်းခဲ့ပြီး ယင်းအဆိုမှာ အောင်မြင်ခဲ့သော်လည်း အစိုးရဘက်မှ အကောင်အထည်ဖော်မှု မရှိသေးကြောင်း သိရသည်။ 

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဒုတိယအများဆုံးစိုက်ပျိုးသော နိုင်ငံအဖြစ် ရပ်တည်နေပြီး ၁၉၉၉ ခုနှစ်မှစတင်ကာ မူးယစ်ဆေးဝါး ပပျောက်မှုစီမံကိန်း ၁၅ နှစ်ကို ချမှတ်ခဲ့သော်လည်း မအောင်မြင်သဖြင့် နောက်ထပ် ငါးနှစ်ထပ်ပေါင်းကာ ၂၀၂၀ အထိ ငါးနှစ်တိုးမြှင့် ထားကြောင်း သိရသည်။ 

ကချင်ပြည်နယ်တွင် မြို့နယ် ၁၀ မြို့ နယ်၌ ဘိန်းစိုက်ပျိုးမှုများရှိနေပြီး ကန်ပိုက်တည်ဒေသ၊ ဆဒုံးဒေသ၊ တနိုင်းဒေသ၊ ဖားကန့်ဒေသ၊ ပန်ဝါဒေသ၊ ချီဖွေဒေသ၊ ဗန်းမော်ခရိုင် ဆွမ်ပရာဘွမ်ဒေသနှင့် ပူတာအိုခရိုင်တို့တွင် အများဆုံးစိုက်ပျိုးနေကြောင်း သိရသည်။ 


Eleven Media Group



 

0 comments:

Post a Comment