Sunday, February 3, 2019

ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ဆောက်နိုင်ရေးအတွက် မြန်မာ-တရုတ် နှစ်နိုင်ငံညှိနှိုင်းမှုများ ယခုနှစ်အတွင်း အပြီးသတ်ဆောင်ရွက်မည်



ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ဆောက်နိုင်ရေးအတွက် မြန်မာနှင့် တရုတ်နှစ်နိုင်ငံ ညှိနှိုင်းမှုများ ယခုနှစ်အတွင်း အပြီးသတ်ဆောင်ရွက်မည်ဖြစ်ကြောင်း အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။ 
“ကျောက်ဖြူက အခုတော့ ရေနက်ဆိပ်ကမ်းပဲ။ အဲဒါပြီးရင်တော့ Industrial Park က ဆက်ညှိရမှာပေါ့။ နှစ်ဖက် တင်ပြထားတာတွေရှိပါတယ်။ ကျောက်ဖြူက အပြီးသတ်ခါနီးပါပြီ။ ရေနက်ဆိပ်ကမ်းစမှ စက်မှုဇုန်က နောက်ကလိုက်မှာပေါ့။ စက်မှုဇုန်ရဲ့ သဘောက ချက်ချင်းတော့မဖြစ်ဘူးပေါ့။ အခုက ရေနက်ဆိပ်ကမ်းပဲ အပြီးသတ်လုပ်မယ်။ မကြာခင်ပြီးအောင် လက်မှတ်ထိုးဖို့ ဒီနှစ်ထဲ ပြီးအောင်လုပ်သွားမယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။ 

ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကို ပထမအဆင့် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံ ရင်းနှီးမြှုပ်နှံမှုဖြင့် စတင်ဆောင်ရွက်မည်ဖြစ်ပြီး စီးပွားရေးအရ တွက်ခြေကိုက်မှုအပေါ် မူတည်ပြီး ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် ယင်းအခြေအနေအပေါ် တရုတ်ဘက်က သဘောတူညီထားကြောင်း သိရသည်။ 

“ရင်းနှီးမြှုပ်နှံမှုက အချိုးအစားအလိုက်ပဲ။ ပထမအဆင့်က ဒေါ်လာ ၁ ဒသမ ၃ ဘီလျံပေါ့။ ဟိုတုန်းက ၇ ဒသမ ၃ ဘီလျံဆိုတာ သင်္ဘောဆိပ်ကြီးနှစ်ခု။ သင်္ဘောဆိပ်တစ်ခုကို ဆိပ်ခံတံတားခြောက်ခု၊ နောက်တစ်ခုက လေးခု၊ အဲဒီလိုအကြီးကြီးပေါ့လေ။ အခုတော့ သင်္ဘောဆိပ်ကို ပထမသင်္ဘောဆိပ်မှာ ဆိပ်ခံတံတားခြောက်ခုကနေ နှစ်ခုလောက်လုပ်ပြီးတော့ ကနဦးကုန်ကျစရိတ်ကို ဒေါ်လာ ၁ ဒသမ ၃ ဘီလျံလောက်ရှိမှာပေါ့။ နှစ်ခုစလုံးကို အပြည့်ဆောက်လိုက်ရင်တော့ ဒေါ်လာ ၇ ဒသမ ၃ ဘီလျံလောက်ကုန် မှာပေါ့။ အခုတော့ ကနဦးကုန်ကျစရိတ်ကို ၁ ဒသမ ၃ ဘီလျံလောက် ကုန်မယ်လို့ ခန့်မှန်းပါတယ်။ Ward နှစ်ခုလုပ်ပြီးရင် ဒီမှာ Operation Costs ကိုက်တယ်ဆိုရင်တော့ ဆက်လုပ်မှာပေါ့။ အဆင့်ဆင့်သွားမှာ ဖြစ်ပါတယ်။ အရင်လုပ်တာ အရင်သုံးကြည့်မယ်။ အသေးလေးတွေလေ။ စီးပွားရေး အခြေအနေအရပေါ့။ ကိုက်ရင် ဆက်လုပ်မယ်ပေါ့။ တရုတ်ဘက်ကလည်း သဘောတူပါတယ်။ ဆင့်ကဲဆင့်ကဲသွားမှာပေါ့” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။ 

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းကို ယခင်က တရုတ်နိုင်ငံမှ CITIC က ၈၅ ရာခိုင်နှုန်း၊ မြန်မာဘက်မှ ၁၅ ရာခိုင်နှုန်းဖြင့် အကောင်အထည်ဖော်ရန် စီစဉ်ခဲ့သော်လည်း ယခုအစိုးရလက်ထက်တွင် ပြန်လည်ညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် လက်ရှိတွင် CITIC က ရာခိုင်နှုန်း ၇၀၊ မြန်မာဘက်မှ ရာခိုင်နှုန်း ၃၀ ဖြင့် အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။ 

“၇၀:၃၀ မှာ တရုတ်ဘက်က ၇၀၊ မြန်မာဘက်က ၃၀။ မြန်မာဘက်က ၃၀ ရာခိုင်နှုန်းမှာ အစိုးရက ၁၅ ရာခိုင်နှုန်းနဲ့ တိုင်းရင်းသားတွေပါတဲ့ Public ကုမ္ပဏီက ၁၅ ရာခိုင်နှုန်းဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဆိုသည်။ 


Eleven Media Group


0 comments:

Post a Comment