Monday, February 25, 2019

တနင်္သာရီဝန်ကြီးချုပ်အပေါ် တိုင်ကြားခဲ့သူများအား ရွေးကောက်ပွဲဝင်ခွင့်မပေးရန် တိုက်တွန်း




တနင်္သာရီတိုင်း အန်အယ်လ်ဒီပါတီဥက္ကဋ္ဌ၊ တနင်္သာရီတိုင်းဝန်ကြီးချုပ်နဲ့ စီမံဘဏ္ဍာဝန်ကြီးတို့အပေါ် တိုင်ကြားခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးကို ၂၀၂၀ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ခွင့်မပြုဖို့ ပါတီဗဟိုကော်မတီဝင်တဦးက တိုက်တွန်းလိုက်ပါတယ်။ 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဖေဖော်ဝါရီ ၂၃ ရက်နဲ့ ၂၄ ရက်တွေမှာပြုလုပ်တဲ့ ဗဟိုကော်မတီအစည်းဝေးမှာ ကော့သောင်းပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဗဟိုကော် မတီဝင် ဦးခင်ဇော်က တနင်္သာရီတိုင်း ကိုယ်စားပြုပြီး အခုလိုဆွေးနွေးခဲ့တာလည်းဖြစ်ပါတယ်။ 

တိုင်ကြားတာ မှန်ကန်မှုမရှိရင် တိုင်ကြားခံရသူတွေအတွက် နစ်နာပြီး နောက်မျိုးဆက်သစ်တွေအတွက် အတုယူမမှားဖို့ တိုင်ကြားသူတွေကို ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ခွင့်မပေးတဲ့ ဆုံးဖြတ်ချက်ချမှတ်ပေးဖို့ တိုက်တွန်း ဆွေးနွေးခဲ့တာလို့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်က ပြောပါတယ်။ 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ တနင်္သာရီတိုင်းခရီးစဉ်မှာ မြိတ်ခရိုင်၊ ကော့သောင်းခရိုင်နဲ့ ထားဝယ်ခရိုင်တို့မှာ တိုင်းဥက္ကဋ္ဌအပါအဝင် ဝန်ကြီးချုပ်ကို ဖြုတ်ချပေးဖို့ ဒေသခံ လူထုက ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ 

အဲဒီလူထုတောင်းဆိုဆန္ဒထုတ်ဖော်မှုတွေရဲ့ နောက်ကွယ်မှာ ပါတီက အထုတ်ပယ်ခံရ သူတွေနဲပ တခြားပါတီအဖွဲ့စည်းက ပုဂ္ဂိုလ်တွေရဲ့ နိုင်ငံရေးပယောဂတွေ ပါရှိတယ်လို့လည်း ဦးခင်ဇော်က ဆိုပါတယ်။ 

အခုလို ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေကြားမှာရော လူမှုကွန်ရက်စာမျက်နှာပေါ်မှာလည်း ဝေဖန်တာတွေ ရှိနေပါတယ်။ 

ဦးခင်ဇော်ရဲ့ တိုက်တွန်း ဆွေးနွေးချက်နဲ့ပတ်သက်လို့တော့ ပါတီ ဗဟိုက ဆုံးဖြတ်ချက်ချ ခဲ့ခြင်း မရှိပါဘူး။ 

အောင်ကျော်
DVB

0 comments:

Post a Comment